နေပြည်တော်  ၂၀  သြဂုတ်  

 

၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းလုပ်ငန်းစဉ်နှင့် ရှေ့ပြေးရလဒ်များ ထုတ်ပြန်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် ကြားကာလရှိ မြန်မာနိုင်ငံ၏လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ အနီးစပ်ဆုံးမှန်ကန်စွာ ခန့်မှန်းနိုင်ရန်၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များ၏ ပြောင်းလဲမှုများအား နှိုင်းယှဉ် လေ့လာသုတေသနပြုနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို အကောင်အထည် ဖော်ရာတွင် လိုအပ်သော အညွှန်းကိန်းများရရှိနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။

 

ယင်းလုပ်ငန်းစဉ်သည် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ခရိုင်အဆင့်ကိုယ်စားပြု အညွှန်းကိန်းများ ရရှိအောင် ကောက်ကွက်များ ရွေးချယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ကောက်ကွက်အလိုက် အိမ်တိုင်ရာ ရောက် တစ်အိမ်တက်ဆင်း Tablet များဖြင့် ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်း ကောက်ယူသည့် (Computer Assisted Personal Interviewing-CAPI) စနစ်ဖြင့် ကောက်ယူခဲ့ခြင်းဖြစ်ရာ ၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် လူဦးရေသန်းခေါင်စာရင်းအတွက်လည်း များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ကောက်ယူရရှိသောအချက်အလက်များကို အချက်အလက်အသုံးပြုသူများသို့ ဖြန့်ဝေနိုင်ခြင်းဖြင့် နိုင်ငံ တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုင်ရာ စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် ထိရောက်စွာ အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း။


အခြားဌာနများသည်လည်း ၎င်းတို့၏အစီအစဉ်ဖြင့် အချက်အလက်များ ကောက်ယူနေကြသည်ကို သိရှိရပြီး မိမိတို့ဌာနမှ ကောက်ယူရရှိသည့်အချက်အလက်များဖြင့် မျှဝေဖလှယ်သုံးစွဲကာ နိုင်ငံဖွံ့ဖြိုးတိုးတက်‌ရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ယင်းစာရင်းကောက်ယူခြင်းလုပ်ငန်းစဉ်သည် ဌာနအတွက် မှတ်ကျောက်တင်နိုင်သည့် လုပ်ငန်းစဉ်ဖြစ်သကဲ့သို့ နိုင်ငံ့အတွက်လည်း များစွာအကျိုးရှိသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ ယင်းအချက်အလက်များသည် ကိုဗစ်-၁၉ မဖြစ်ပွားမီ နောက်ဆုံး ကောက်ယူခဲ့သည့် စစ်တမ်းဖြစ်၍ COVID-19 မတိုင်ခင်နှင့် ကိုဗစ်-၁၉ အလွန် ကာလပြောင်းလဲသည့် အချက်အလက်များအား နှိုင်းယှဉ်လေ့လာဆန်းစစ်ရာတွင် အရေးပါသည့် အချက်အလက်များအဖြစ် အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ ယခုရှေ့ပြေးရလဒ်များ ထုတ်ပြန်ပြီးပါက ပင်မအစီရင်ခံစာနှင့် သုတေသန စာတမ်းများ ဆက်လက်ထုတ်ပြန်နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ယခုခေတ် ကာလသည် IT နည်းပညာခေတ်ဖြစ်ပြီး အချက်အလက် Data များ ရယူပိုင်ဆိုင်မှုသည် အလွန်အရေးကြီးပါ ကြောင်း၊ နိုင်ငံတိုင်းသည် အချက်အလက် Data ပိုင်ဆိုင်မှုကို နည်းမျိုးစုံ အသုံးပြုဆောင်ရွက်နေ ကြပါကြောင်း။

 

မိမိတို့၏ လူဦးရေသန်းခေါင်စာရင်း အချက်အလက်များသည်လည်း နိုင်ငံအတွက် အရေးကြီးပြီး များစွာအသုံးဝင်သည့်အချက်အလက်များဖြစ်သဖြင့် အချက်အလက် အရည်အသွေးမြင့်မားပြီး တိကျမှန်ကန်ရေး သည် အလွန်အရေးကြီးပါကြောင်း၊ ယခု ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို အောင်မြင်စွာ ကောက်ယူ ဆောင်ရွက်နိုင်သကဲ့သို့ ၂၀၂၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် ယခုလုပ်ငန်းစဉ်၏ အားနည်းချက်၊ အားသာချက်များကို အပြန်အလှန်သုံးသပ်ဆောင်ရွက်ကြရန်နှင့် အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြမှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်းဖြင့်  ရှင်းလင်းအမှာစကားပြောကြားသည်။ 

 

ထို့နောက် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်အောင်က ၂၀၁၉ ခုနှစ်၊ ကြားဖြတ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူခဲ့မှုအခြေအနေ၊ ကောက်ယူရရှိသော အချက်အလက်များအပေါ် အခြေခံ၍ ရှေ့ပြေးရလဒ်ထုတ်ပြန်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ 

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ရှေ့ပြေးရလဒ်ထုတ်ပြန်ခြင်းအခမ်းအနားကျင်းပရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဂရုပြုဆောင်ရွက်နိုင်ရေးနှင့် ထုတ်ပြန်သည့် စာရင်းဇယားရလဒ်များအား ယခင်စာရင်းဇယားများနှင့် နှိုင်းယှဉ်ချိန်ထိုးကာ လက်တွေ့နယ်ပယ်နှင့် နီးစပ်သည့် ကိန်းဂဏန်း အချက်အလက်များဖြစ်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်