မန္တလေး ၂၁ ဩဂုတ်

ယခုနှစ်တောင်ပြုန်းပွဲတော် ကျင်းပရန် Covid-19 ကပ်ရောဂါ အခြေအနေကြောင့် မကျင်းပ ဖြစ်သော်လည်း နတ်လမ်းစဉ်အရ အကျဉ်းချုံးကျင်းပနိုင်ရန် သက်ဆိုင်ရာသို့ တင်ပြထားကြောင်း တောင်ပြုံးကျေးရွာရှိ ဆုတောင်းပြည့်၊ ဆုတောင်းရဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

 

ကိုဗစ်ထိန်းချုပ် ကာကွယ်ရေးအတွက် သြဂုတ်လ ၁၆ ရက်မှစ၍ လူဦးရေ ၃၀ ထက်ပိုပြီးစုဝေးခြင်း မပြုရန်တားမြစ်ချက် ထုတ်ပြန်ထားပြီး၊ ဥပုသ်သီလဆောက်တည်ခြင်း၊ အခြားဘာသာဝင်များအတွက် ဝတ်ပြုဆုတောင်းခြင်းများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ကာ ပြုလုပ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။ ယခုကာလအတွင်း ဘာသာရေးပွဲများ၊ ပွဲလမ်းသဘင်များ ကျင်းပခွင့်မရှိကြောင်း သိရသည်။

 

"ဒီနှစ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ပွဲတော်ကမဖြစ်ဘူး။ ရိုးရာလမ်းစဉ်အရ အကျဉ်းရုံးကျင်းပဖို့ နတ်လမ်းစဉ် ဘယ်သောအခါမှ ပျက်ခဲ့တာမရှိတဲ့အခါ အခု အကျဉ်းချုံးကျင်းပဖို့ နန်းထိန်းတွေက တင်ပြထားတယ်လို့သိရတယ်။ နတ်ညီလာခံ၊  ချိုးရေတော်သုံး၊ ယုတ်ထိုး ထိန်ခုတ်  နာရီပိုင်းလောက်ပဲ ဆောင်ရွက်ခွင့်တောင်းထားတယ်လို့ သိရပါတယ်" ဟု ဆုတောင်းပြည့်၊ ဆုတောင်းရဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်က ပြောသည်။

 

တောင်ပြုန်းပွဲတော်ရက်မှာ နှစ်စဉ် ဝါခေါင်လဆန်း ၅ ရက်မှ ၁၅ ရက်ဖြစ်သော်လည်း ပွဲရက်မတိုင်မီ ရက်များ၌ စျေးဆိုင်ခန်းများနှင့် စားသောက်ဆိုင်များ ခင်းကျင်းရောင်းချနေပြီး၊ တစ်နိုင်ငံလုံးမှ ရိုးရာယုံကြည်သူများ၊ ဘုရားဖူးလာရောက်သူများနှင့် စည်ကားသည့် ပွဲတော်ဖြစ်သည်။

 

"တောင်ပြုံးပွဲတော်ကို အကျဉ်းချုံး ကျင်းပခွင့် ရမရ မသိရသေးပါဘူး။ နတ်ခစားတဲ့သူတွေ အနည်းအငယ်တော့ လာနေကြတယ် တစ်နေ့ကို ကား ၇ စင်းလောက် လာနေတယ်။ ဂေါပက အဖွဲ့အနေနဲ့ကတော့ ကိုဗစ်ကာကွယ်မှု လုပ်ငန်းတွေဆောင်ရွက်ထားပါတယ် "ဟု၎င်းကပြောသည်။

 

၂၀၁၇ ခုနှစ် H1N1 ဖြစ်ပွားမှုကြောင့် ပွဲတော်ကျင်းပခွင့် ရပ်ဆိုင်းလိုက်သဖြင့် ဈေးသည်များ နစ်နာမှု ရကြုံတွေ့ခဲ့ရပြီး ၂၀၁၉ ခုနှစ်အတွင်းကလည်း H1N1 ရာသီတုပ်ကွေးရောဂါကြောင့် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုများဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ယခင်နှစ်များထက် နှစ်ဆပိုဆောင်ရွက်ပြီး ပွဲတော်ကျင်းပခဲ့ရကြောင်း သိရသည်။

မေသက်ထား