နေပြည်တော်  ၂၁ ဩဂုတ် 

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏခရိုင်အတွင်းမှ လူရည်ချွန်ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာ အထက်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းက အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အနာဂတ်အတွက် တန်ဖိုးရှိသည့် လူရည်ချွန် မောင်မယ်များအား ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊ လူရည်ချွန် မောင်မယ်များအနေဖြင့် ကျောင်းစာတစ်ခုတည်း ထူးချွန်ခြင်းမျိုးမဟုတ်ဘဲ ဘက်စုံထူးချွန်နေရမည်ဖြစ်ကြောင်း၊ လူရည်ချွန်မောင်မယ်များအနေဖြင့် အတွေးအခေါ်ကောင်းများ၊ ဆန်းသစ်တီထွင်ဖန်းတီးနိုင်မှုများကို အချိန်နှင့် အမျှ ကြိုးစားအားထုတ်နေရမည်ဖြစ်ကြောင်းနှင့် မိမိဒေသအကျိုး၊ နိုင်ငံတော်၏အကျိုးတို့ကို စွမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် အစဉ်ကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။ 

 

ထို့နောက် လူရည်ချွန် ၁၉၆၄-၁၉၈၈ အဖွဲ့မှ ဒေါက်တာကြည်လွင်က လူရည်ချွန်မောင်မယ် ကျောင်းသား/ ကျောင်းသူများအတွက် ဂုဏ်ပြုအမှာစကားပြောကြားသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းက ဒဿမတန်းလူရည်ချွန်ရွေးချယ်ခံရသည့် ပညာ့ပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ မောင်စိုင်းမျိုးမင်းခန့်နှင့် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅) အခြေခံ ပညာအထက်တန်းကျောင်းမှ မဝင့်ဝါကျော်စိုး တို့အားလည်းကောင်း၊ နေပြည်တော်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးမျိုးဝင်းအောင်က နဝမတန်းလူရည်ချွန်ရွေးချယ်ခံရသည့် ပညာ့ပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ မောင်သန့်ဇင်ဝိုင်းနှင့် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ မမေဇင်သန့် တို့အားလည်းကောင်း၊ ဒက္ခိဏခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်သီတာမြင့် က အဌမတန်းလူရည်ချွန် ရွေးချယ်ခံရသည့် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ မောင်ဉာဏ်ထက်လင်း နှင့် ပျဉ်းမနားမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ မထက်သီရိအောင် တို့အားလည်းကောင်း ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ကြပြီး လူရည်ချွန် ၁၉၆၄-၁၉၈၈ အဖွဲ့မှတာဝန်ရှိသူများက လူရည်ချွန် မောင်မယ်များအား ဂုဏ်ပြုလက်ဆောင်များ ထပ်မံပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် လူရည်ချွန်ကျောင်းသား/ကျောင်းသူများကိုယ်စား အဌမတန်းလူရည်ချွန် ရွေးချယ်ခံရသည့် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ မောင်ဉာဏ်ထက်လင်း က ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)