မန္တလေး ၂၁ သြဂုတ်
အင်းဝမြို့ရှိ ဗားကရာကျောင်းအပါအဝင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရှေးဟောင်းအဆောက်အဦ သုံးနေရာကို ပြုပြင်မှုများ ဆောင်ရွက်နေကြောင်း ရှေးဟောင်းသုတေသနဦးစီးဌာနမှ သိရသည်။
မန္တလေးမြို့အတွင်းရှိ စားတော်ဝန်မင်းကျောင်း၊ အင်းဝဒေသရှိ ဗားကရာကျောင်းကြီးနှင့် ဆီမီးခုံမြို့နယ်ရှိ ရှေးဟောင်းသစ်သားတံတား အစရှိသည်တို့ကို ရှေးမူမပျက် ပြုပြင်နေကြောင်း သိရသည်။
“ဗားကရာကျောင်းကို ယိုယွင်းမှုရှိတဲ့ နေရာတွေကို ရွေးချယ်ပြီး ပြုပြင်တာပါ။ သစ်သားကျောင်းတော်ကြီးဖြစ်တဲ့ အတွက် ထိန်းသိမ်းရမယ့်နေရာလည်း များတယ်။ လာမယ့်နှစ်တွေမှာလည်း ထိန်းသိမ်းမှုတွေ လုပ်နိုင်ဖို့ လျာထား ချက်တွေ ရှိပါတယ်” ဟု အင်းဝဒေသခွဲမှ တာဝန်ရှိသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က ပြောသည်။
စားတော်ဝန်မင်းကျောင်းသည် မန္တလေးအောင်မြေသာသာစံ မြို့နယ်အတွင်းတွင်ရှိပြီး ရတနာပုံခေတ်နှောင်းပိုင်းက အဆောက်အဦဖြစ်ကာ ကျောင်းတော်ရှိ သစ်သားတိုင်များ ကျွံကျခြင်း၊ အမိုးများပျက်စီးခြင်းတို့ကြောင့် ပြုပြင်ရခြင်း ဖြစ်ပြီး ပျက်စီးမှုများသဖြင့်ရဟန်းသံဃာများလည်း သီတင်းသုံးနေထိုင်၍ မရခဲ့ကြောင်း သိရသည်။
အင်းဝဗားကရာ ကျောင်းတွင်လည်း အလားတူပင် ပျက်စီးမှုများဖြစ်ပေါ်နေသဖြင့် ပြုပြင်မှုများ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းသိရသည်။ အဆိုပါ အဆောက်အဦများပြင်ဆင်နိုင်ရေး ယမန်နှစ်က ဘက်ဂျက်တောင်းခံတင်ပြခဲ့ခြင်း ဖြစ်ပြီး ယခုနှစ်တွင် ပြင်တင်ခွင့်ရရှိခြင်းဖြစ်ကြောင်း သိရသည်။ ဗားကရာကျောင်းကြီးမှာ ကြီးမားသဖြင့် ပြုပြင်ရန် လိုအပ်သည့် နေရာများကိုသာ ဦးစားပေး ပြုပြင်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ရှေးဟောင်းအဆောက်အဦများစွာ ရှိနေပြီး ပြုပြင်ထိနိးသိမ်းရန် လိုအပ်သည့် အတောက်အဦများလည်း ရှိနေကြောင်း သိရသည်။ လက်ရှိတွင် မှတ်တမ်းများ ပြုစုလျက်ရှိပြီး ပြုပြင်ထိနိးသိမ်းရန် ခွင့်ပြုပေးသည့် အတိုင်းအတာများအလိုက် လာမည့်နှစ်တွင်လည်း ပြုပြင်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မေသက်ထား