နေပြည်တော် ၂၁ သြဂုတ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက် လျက်ရှိသော POSCO International Corporation (Myanmar E & P) မှ ကိုဗစ်-၁၉ ရောဂါရှာဖွေစစ်ဆေး နိုင်ရေးအတွက် RT-PCR machine and Diagnostic Reagents များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ လှူဒါန်းလွှဲပြောင်းခြင်းနှင့် ဝန်ကြီးဌာနသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူ ပစ္စည်းများ လှူဒါန်းထားသည့် ကုမ္ပဏီများသို့ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းစနစ်များနှင့် အညီ ကျင်းပသည်။
အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်ဝင်းနှင့် ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ POSCO International Corporation (Myanmar E & P) မှ Managing Director Mr. Jung Hwan Lee နှင့် တာဝန်ရှိသူများ၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က POSCO International Corporation (Myanmar E & P) အနေဖြင့် စီမံကိန်းဒေသများတွင် လူမှုရေးတာဝန်သိမှု (Corporate Social Responsibility - CSR) လုပ်ငန်းများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အခြေခံအဆောက်အဦနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့်ကဏ္ဍများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ရင်ဆိုင်နေရသည့်အချိန်တွင် POSCO International Corporation (Myanmar E & P) အနေဖြင့် စီမံကိန်းဒေသများတွင် ဆေးရုံ၊ ဆေးပေးခန်းနှင့် Quarantine Center များအပြင် ကိုဗစ်-၁၉ သံသယလူနာအများဆုံး ကုသမှုခံယူနေသည့် ရန်ကုန်မြို့ရှိ ဆေးရုံကြီးများ တွင် ခွဲစိတ်ခန်းသုံးနှင့် အဆင့်မြင့် နှာခေါင်းစည်းများ၊ ကာကွယ်ရေးပစ္စည်းများအတွက် ပထမအကြိမ် အမေရိကန်ဒေါ်လာ ၂ သိန်းခန့် ထောက်ပံ့ပေးခဲ့သည့်အပေါ် အထူးကျေးဇူးတင်ရှိပါကြောင်း။
ဒုတိယအကြိမ်အဖြစ် ရောဂါရှာဖွေမှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရေး အထောက်အပံ့ဖြစ်စေရန် စစ်ဆေး မှုပေါင်း ၁၀,၀၀၀ ပြုလုပ်နိုင်သည့် ရောဂါရှာဖွေရေး ကိရိယာများကိုလည်း ကိုရီးယားနိုင်ငံမှ ဝယ်ယူ တင်သွင်းပြီး ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို လွှဲပြောင်းပေးခဲ့ပြီး၊ ယခုအခါ တတိယအကြိမ်အဖြစ် ရောဂါပိုးရှာဖွေစစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရန် စမ်းသပ်မှုပေါင်း ၇,၂၀၀ ဆောင်ရွက်နိုင်သည့် အမေရိကန်ဒေါ်လာ တစ်သိန်းတန်ဖိုးရှိ ရောဂါရှာဖွေရေး RT-PCR စက်သစ်ကြီးနှင့် ရောဂါရှာဖွေရေး ကိရိယာများ၊ ဆက်စပ်ပစ္စည်းများ လှူဒါန်းခြင်းအတွက် ကျေးဇူးအထူး တင်ရှိပါကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ ရင်ဆိုင်ရစဉ်အတွင်း နိုင်ငံသူနိုင်ငံသားများ ရောဂါအန္တရာယ်ကင်းဝေးရေး ပံ့ပိုးကူညီနိုင်ခဲ့မှုများအပေါ် ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါကြောင်း၊ အလားတူ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းပါသော အခြားသော ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကုမ္ပဏီများနှင့် လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ မိတ်ဖက်ကုမ္ပဏီများ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပံ့ပိုးကူညီမှုများအတွက်လည်း ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် POSCO International Corporation (Myanmar E & P) ၏ လူမှုရေးတာဝန်သိမှု (Corporate Social Responsibility - CSR) လုပ်ငန်းဆောင်ရွက်မှုများအား Video Clip ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် POSCO International Corporation (Myanmar E & P) မှ ကိုဗစ်-၁၉ ရောဂါ ရှာဖွေစစ်ဆေး ဖော်ထုတ်နိုင်ရန်အတွက် လှူဒါန်းမည့် RT-PCR machine နှင့် ဆက်စပ်ပစ္စည်းများအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က လွှဲပြောင်းပေးအပ်ရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။
ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်တို့က ဝန်ကြီးဌာနသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်းခဲ့ကြသည့် ကုမ္ပဏီ (၂၃)ခုမှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်ရာတွင် ဓာတ်ခွဲစစ်ဆေးမှု စွမ်းဆောင်ရည်သည် အရေးကြီးပါကြောင်း၊ ယခုလှူဒါန်းသည့် အမေရိကန်ဒေါ်လာ တစ်သိန်းတန်ဖိုးရှိ RT-PCR စက်နှင့် ဓာတ်ခွဲဆေးရည်ပစ္စည်းများသည် ရောဂါပိုးရှိသူများကို အချိန်နှင့်တစ်ပြေးညီ စစ်ဆေးဖော်ထုတ်ကာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ရာတွင် များစွာအထောက်အကူ ပြုမည်ဖြစ်ပါကြောင်း၊ လက်ရှိတွင် ရခိုင်ပြည်နယ်၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ တွေ့ရှိနေရပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်ဖြင့် လမ်းညွှန်ချက်များ ထုတ်ပြန်ခြင်း၊ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအမံများ ချမှတ်ခြင်းအပါအဝင် လုပ်ငန်းစဉ်များကို အလေးထားဆောင်ရွက်လျက်ရှိပြီး ရောဂါကာကွယ် ထိန်းချုပ်ရန်နှင့် အခြားဒေသများသို့ ရောဂါပြန့်ပွားခြင်းမရှိစေရေး ဆောင်ရွက်နေပါကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်