ရန်ကုန်   ၂၁  ဩဂုတ် 

 

ရန်ကုန်မြို့ အင်းစိန်ရထားလမ်းခုံးကျော်တံတား အမှတ်-၂ ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်က တည် ဆောက်ခဲ့ရာ ဗဟိုလမ်း-မင်းကြီးလမ်းနှင့် အင်းစိန်ဈေးလမ်း-လမ်းသစ်လမ်းတို့ဆုံရာ လမ်းစုံကို ဖြတ်သန်းတည်ဆောက်ထားပြီး ထိုတံတားပေါ်မှ အင်းစိန်ဆေးရုံနှင့် အင်းစိန်(GTI)သို့ သွားလာရန် တံတားလက်တံမရှိသောကြောင့် အများပြည်သူသွားလာမှု လွယ်ကူချော့မွေ့စေရန် တစ်လမ်းမောင်း အင်းစိန်ရထားခုံးကျော်တံတားသစ်(မင်းကြီးလမ်းဘက်ခြမ်း)ကို တည်ဆောက်လျက်ရှိရာ အောက်တိုဘာလကုန်ပိုင်းတွင် ယာဉ်များဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထား(မြို့ပြ) အင်ဂျင်နီယာဌာနမှ သိရသည်။

 

 “အင်းစိန်မီးရထားခုံးကျော်တံတား လက်တက်ထိုးတည်ဆောက်မှုကို သတ်မှတ်ထားတဲ့ ဘတ်ဂျက် အကုန်စက်တင်ဘာလကုန်ပိုင်း ပြီးစီးဖို့ လျာထားဆောင်ရွက်နေပါတယ်။ ဒါပေမယ့် ကိုဗစ်ကြောင့် လုပ်ငန်း အရှိန်တန့်သွားလို့ အောက်တိုဘာလကုန်မှာ ယာဉ်တွေသွားလာနိုင်ပါပြီ။ လက်တလော သွားလာရေး အခက်အခဲရှိနိုင်ပေမယ့် တည်ဆောက်မှုအပိုင်းပြီးသွားရင် မိဘပြည်သူတွေ သွားလာ ရေးအဆင်ပြေ ချောမွေ့မှာဖြစ်တဲ့အတွက် ဌာနအနေနဲ့လည်း ဝမ်းသာပီတိဖြစ်ရပါတယ်” ဟု မြန်မာ့ မီးရထားမှ တံတား တည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာမှူး ဦးမောင်ချိုက ပြောသည်။

 

အင်းစိန်ရထားခုံးကျော်တံတား တည်ဆောက်စဉ်က တံတားညာဘက်ရှိ ဗဟိုလမ်းဘက်သို့ လမ်းခွဲရှိပြီး တံတားဘယ်ဘက် မင်းကြီးလမ်းဘက်သို့ လမ်းခွဲမရှိသောကြောင့် တံတားအောက်မှ ပတ်၍ အင်းစိန် ဆေးရုံနှင့် အင်းစိန် GTI ကျောင်းသို့ သွားလာကြလျက်ရှိရာ ခုံးကျော်တံတားအောက် မီးပွိုင့်ကို ဖြတ်သန်းကြမည့် စော်ဘွားကြီးကုန်မှလာသောယာဉ်များ ယာဉ်ကြောပိတ်ဆို့မှုကြုံတွေ့ရသည့်အတွက် မင်းကြီးလမ်းဘက်သို့ သွားလာကြမည့်ယာဉ်များ သွားလာရေးအဆင် ပြေချော့မွေစေရန် အင်းစိန်ရထား ခုံးကျော်တံတားအမှတ်-၂ တံတားပေါ်မှ လက်တက်ထိုးတံတားကို တည်ဆောက်ခြင်းဖြစ်သည်။

 

အဆိုပါ မင်းကြီးလမ်းဘက်ခြမ်းတွင် တည်ဆောက်နေသော အင်းစိန်ရထားလမ်းခုံးကျော်တံတားသစ် လက်တက်ထိုးတည်ဆောက်မှုတွင် အောက်ခံ Bord Pile Foundation ဖြင့် RC Girder နှင့် Steel Girder တို့ ပေါင်းစပ်ထားသော ကွန်ကရစ်ကြမ်းခင်းဖြစ်ပြီး တံတားအရှည်မှာ ၄၄၁ ပေ၊ ချဉ်းကပ် တံတားအရှည် ၁၂၂ ပေ ၉ လက်မဖြစ်၍ ကားလမ်းအကျယ်မှာ ၁၆ ပေ၊ တစ်လမ်းမောင်း ၃ လမ်း သွားဖြစ်ကြောင်း သိရသည်။

 

သန်းထိုက်၊ ဓာတ်ပုံ - သန်းစိုး