ရန်ကုန် ၂၁ သြဂုတ်
တစ်လအတွင်း YPS Payment Card လေးသောင်းကျော် ရောင်းချထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင် က ပြောသည်။
အဆိုပါ YPS Payment Card များကို ဇူလိုင် ၁၆ ရက်မှ စတင်ရောင်းချခဲ့ရာ သြဂုတ် ၁၇ ရက်အထိ Standard Card ၁၂၁၉၄ ကတ်နှင့် Promotion Card ၂၉၃၁၄ ကတ် ရောင်းချပြီးဖြစ်သည်။
လက်ရှိ အဆိုပါ YPS Payment Card များဖြင့် ယာဉ်အစီးရေ ၁၂၉၀ တွင် အသုံးပြုနိုင်ပြီး ယင်းမှာ YBPC ကုမ္ပဏီမှ ယာဉ်လိုင်း ၇ လိုင်း၊ လမ်းကြောင်း ၉ ကြောင်း၊ ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီမှ ယာဉ်လိုင်း ငါးလိုင်း၊ လမ်းကြောင်း ၆ ကြောင်းနှင့် YUPT မှ ယာဉ်လိုင်း ၁၅ လိုင်း၊ လမ်းကြောင်း ၂၀ တို့တွင် အသုံးပြုနိုင်ပြီဖြစ်သည်။
ဆက်လက်၍ ကျန်ရှိသည့် YPS Payment စက်များ တပ်ဆင်ထားသော YBS ယာဉ်များကို လည်း အသုံးပြုနိုင်ရန်အတွက် စီစဉ်နေကြောင်း သိရသည်။
ယင်း YPS Payment Card အသုံးပြုမည့် သူများအနေဖြင့် Card ပျောက်ဆုံးမှုများရှိခဲ့ပါက Card အတွင်း ဖြည့်ထား သည့် ငွေများမဆုံးရှုံးစေရန် Card နောက်ကျော၏ အောက်ဆုံးနားရှိ ကုတ်နံပါတ်ကို Service စင်တာများတွင် ပြောကြားပြီး ပိတ်ရန်လိုအပ်ကြောင်း၊ သို့ဖြစ်၍ Card အသုံးပြုသူများအနေဖြင့် Card ဝယ်ယူငွေဖြည့်သွင်း ပြီး ဓာတ်ပုံရိုက်သိမ်းထားရန်လိုကြောင်း သိရသည်။
ထို့ကြောင့် Card များကို ကိုယ်ပိုင်မှတ်ပုံတင်စနစ်ဖြင့် ဝယ်ယူနိုင်ရန်လည်း ဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိ YPS Payment Card အသုံးပြုသူများအနေဖြင့် ကားပေါ် အတက်တစ်ခါ၊ အဆင်းတစ်ခါ Card ကို စက်တွင် ဖြတ်ရမည်ဖြစ်ပြီး ယာဉ်စီးခ ကောက်ခံငွေမှာ ၂၀၀ ကျပ် ကျသင့်မည်ဖြစ်ကာ နောက်ပိုင်းတွင် ခရီးစဉ် အလိုက် ကားခကောက်ခံမှု ဈေးနှုန်းများလည်း ပြောင်းလဲသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ YPS Payment Card များကိုလည်း သမိုင်း ၊ တာမွေ ၊ ဆူးလေတွင် ရှိသည့် service center သုံးခုနှင့် g&g ဆိုင်းပေါင်း ၁၀၂ ဆိုင်တွင် ဝယ်ယူရရှိနိုင်သကဲ့သို့ မြို့တော်ခန်းမဘတ်စ်ကားမှတ်တိုင်၊ ရှစ်မိုင်ဘတ်စ်ကားမှတ်တိုင်၊ မြန်မာပလာဇာ ဘတ်စ်ကားမှတ်တိုင်နှင့် ပါရမီညောင်ပင် ဘတ်စ်ကားမှတ်တိုင်များတွင်လည်း ဝယ်ယူရရှိနိုင် ကြောင်း Asia Starmar Transport Intelligent ကုမ္ပဏီမှ သိရသည်။
ငြိမ်းငြိမ်း