ကော့ကရိတ် ၂၁ ဩဂုတ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့မှ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်)စက်ဝန်းတွင် ဆောင်ရွက်ခဲ့သော ရွှေလူကုန်း-နောင်ကိုင်း ကျေးရွာချင်းဆက် ကြိုးတံတားကို ဩဂုတ်လ တတိယအပတ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည်။
အဆိုပါ ကြိုးတံတားသည် စီမံကိန်းရန်ပုံငွေကျပ် သိန်း ၃၁၀၊ လူထုထည့်ဝင်ငွေ ၉၅၅၃၀၀ ကျပ်ဖြင့် မေလ ၁၅ ရက်က စတင်တည်ဆောက်ခဲ့ရာ ဩဂုတ် ၂၀ ရက်တွင် အောင်မြင်စွာပြီးစီးခဲ့သည်။ ကြိုးတံတားသည် အရှည်ပေ ၁၅၀၊ အကျယ် ၅ ပေ၊ အမြင့် ၁၂ ပေဖြစ်ပြီး နောင်ကိုင်းကျေးရွာ အုပ်စုအတွင်းရှိ နောင်ကိုင်းကျေးရွာ၊ ရွှေလူကုန်းကျေးရွာ၊ မိဖာလဲကျေးရွာ၊ နို့စောကျေးရွာနှင့် သိဝါး ကျေးရွာတို့မှ လူဦးရေ သုံးထောင်ကျော် အသုံးပြုနိုင်မည်ဖြစ်သည်။
ရွာသူရွာသားများအနေဖြင့် တံတားမရှိခင်အချိန်က ချောင်းကို ခက်ခဲစွာ ဖြတ်သန်းသွားလာရခြင်း၊ တောင်ကျရေများကျစဉ် ရေစီးသန်သည့်အတွက် တောင်ကျရေနည်းသွားသည်အထိ အချိန်တစ်ရက်မှ လေးရက်ခန့် စောင့်ဆိုင်းရသောကြောင့် ကျေးရွာအတွင်းရှိ အရေးပေါ်လူနာများအား ဆေးခန်း၊ ဆေးရုံ ရှိရာသို့ အချိန်မီပို့ဆောင်မပေးနိုင်ခြင်း၊ ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ကြားရာတွင် အခက်အခဲများရှိခြင်းနှင့် စားဝတ်နေရေးအတွက် ကူးသန်းသွားလာရေးတွင် အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း သိရသည်။
စောဌေးရီ(ကျေးလက်)