ရန်ကုန် ၂၁ ဩဂုတ်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန မှ ဖွင့်လှစ်ထားရှိသည့် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)၊ တိရစ္ဆာန်ဥယျာဉ်နှင့် ဆာဖာရီဥယျာဉ် (နေပြည်တော်)၊ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)၊လှော်ကားဥယျာဉ်များရှိ တိရစ္ဆာန်များ၏ အစာ အတွက် ဒုတိယအကြိမ် လှူဒါန်းငွေပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)၌ ကျင်းပသည်။
ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်(စ်) ကူးစက်မှု ကာကွယ်ထိန်းချုပ်နေစဉ်ကာလအတွင်း တိရစ္ဆာန်ဥယျာဉ်များအား အများပြည်သူဝင်ရောက်ခွင့် ပိတ်ထားသဖြင့် တိရစ္ဆာန်များအစာအတွက် နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သစ်တောဦးစီး ဌာန၊ ဝန်ထမ်းမိသားစုများ၏ စုပေါင်းလှူဒါန်းငွေပေးအပ်ပွဲတွင် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) အတွက် ကျပ်သိန်း ၂၀၊ တိရစ္ဆာန်ဥယျာဉ်နှင့် ဆာဖာရီဥယျာဉ် (နေပြည်တော်) အတွက် ကျပ် ၁၃ သိန်း၊ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)အတွက် ကျပ် ၁၂ သိန်းနှင့် လှော်ကားဥယျာဉ်အတွက် ကျပ် ၇၃၀,၅၀၀၊ စုစုပေါင်း လှူဒါန်းငွေ ၅,၂၃၀,၅၀၀ အား သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်မှ Htoo Zoos & Gardens Business Unit ၊ CEO ဒေါ်ကြည်ဖြူဇော်ထံသို့ ပေးအပ်လှူဒါန်းသည်။
လှူဒါန်းငွေပေးအပ်ပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်၊ မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးဦးစောဂျွန်ရွှေဘ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးများ၊ Htoo Group of Companies မန်းနေးဂျင်း ဒါရိုက်တာနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် စီမံဆောင်ရွက်ထားမှု လုပ်ငန်းစဉ်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်