နေပြည်တော် ၂၁ ဩဂုတ်
ဘားအံခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၁၉ ရက် ညပိုင်းတွင် ဘားအံမြို့နယ်၊ ဘားကပ်ကျေးရွာအုပ်စု၊ ဘားကပ်ကျေးရွာအနီး တိုးဂိတ်တွင် အောင်ပု(ခ)အောင်ထွေး(ခ) ကျော်ကြီးကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၅၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၁၀ နာရီက မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပေါင်မြို့နယ်၊ မုတ္တမကျေးရွာအုပ်စု၊ ကော့စိုင်ကျေးရွာရှိ တည်းခိုခန်းအား ရှာဖွေရာ မစံသီလှိုင်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၈၀၀ ၊ လက်ကိုင်ဖုန်းတစ်လုံး၊ မြန်မာငွေကျပ် ၄၈,၀၀၀ တို့ကို လည်းကောင်း၊
ထို့အတူ ယင်းနေ့ ညပိုင်းက တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရုံးအနီးတွင် မော်တော်ဆိုင်ကယ်နှင့် မသင်္ကာဖွယ်တွေ့ရှိသူ စိုင်းဆွေ အား စစ်ဆေးချက်အရ တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်၊ ကွင်းအမှတ် ၂၃ အနီး၌ မော်တော် ယာဉ်နှင့်အတူ စိုးမင်းနိုင်(ခ)အားဟူ ကို ဖမ်းဆီးရမိခဲ့ပြီး ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)