မကွေး ၂၁ သြဂုတ်
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် ကိုဗစ်-၁၉ ပြည်တွင်းကူးစက်မှုများရှိနေသဖြင့် ယခင်ပြေးဆွဲနေသော စစ်တွေ - အမ်း - မကွေး လေယာဉ်ခရီးစဉ်များအစား ရန်ကုန်-ညောင်ဦး - မကွေး ခရီးစဉ်အဖြစ် ပြောင်းလဲပျံသန်း ပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေ ကြောင်းလိုင်း(MNA)၏ မကွေးဌာနေကိုယ်စားလှယ်ရုံးမှ သိရသည်။
သြဂုတ် ၂၁ ရက်မှစ၍ ယခင်လေယာဉ်ခရီးစဉ်လမ်းကြောင်း ပြေးဆွဲမှုကို ရက်သတ္တနှစ်ပတ်ခန့် ယာယီရပ်နားလိုက်ပြီ ဖြစ်သည်။
“မနေ့က ညနေပိုင်းမှာ MNA ရုံးချုပ်က ဒီနေ့ သောကြာနေ့ကစပြီးတော့ မကွေး - စစ်တွေ - အမ်း ခရီးစဉ်ကို (၂)ပတ် လောက် ယာယီရပ်ဆိုင်းထားဖို့ ညွှန်ကြားချက်ပေးလာပါတယ်။ ရန်ကုန် - မကွေး ခရီးစဉ်ကိုတော့ မပိတ်ပါဘူး။ ဒီနေ့ ကနေစပြီးတော့ ရန်ကုန် - ညောင်ဦး - မကွေး - ရန်ကုန် ခရီးစဉ်အဖြစ် ညောင်ဦးဘက်ကနေ လမ်းကြောင်းပြောင်းလဲပျံသန်းပေးသွားမှာပါ” ဟု မြန်မာအမျိုးသားလေ ကြောင်းလိုင်း(MNA)၏ မကွေးဌာနေ ကိုယ်စားလှယ်ရုံးမှ ဦးစံထွေးက ပြောသည်။
မကွေးမြို့၏ လေကြောင်းခရီးစဉ်များအား COVID-19 ကာလ ပျံသန်းမှုများ ရပ်နားထားခဲ့ရပြီး ပြန်လည်ပျံသန်း ပြေးဆွဲခွင့် ရခဲ့သည်မှာ (၁)လခွဲခန့်သာ ရှိသေးကြောင်း ၊ ယင်း (၁)လခွဲအတွင်း မကွေး - အမ်း - စစ်တွေ ခရီးစဉ် တစ်ကြောင်းလျှင် အကြမ်းဖျင်း ခရီးသည် (၂၀)ခန့် တက်၍ မကွေး - ရန်ကုန်ခရီးစဉ်တွင် ခရီးသည် (၁၅)ဦးခန့် ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းသည် မြေနယ်နိမိတ်ချင်းလည်း ဆက်စပ်နေသည့်အတွက် ခရီးသည် မော်တော်ယာဉ် လိုင်း ပြေးဆွဲမှုများကို ဒေသနှစ်ဖက်စလုံးက ယနေ့ သြဂုတ် ၂၁ ရက်မှစ၍ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး ထံမှ သိရသည်။
ဇေယျတု(မကွေး)
