နေပြည်တော် ၂၁ ဩဂုတ်
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ဝင်ပြန်ကျေးရွာရှိ ဝါးအသင်း၏ ဝါးအသက်မွေးမှု သင်တန်းကျောင်း၌ ဝါးလုပ်ငန်းရှင်များ၊ ဝါးစိုက်တောင်သူ များနှင့် တွေ့ဆုံသည်။
ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင်က ဌာနမှ ဖွင့်လှစ်သော ဝါးလက်မှုသင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံဝါးစိုက်ပျိုးရေး အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းက ဝါးအသက်မွေးမှုသင်တန်းကျောင်း ဖွင့်လှစ်ဆောင်ရွက်မှုများနှင့် ဝါးလုပ်ငန်းဈေးကွက်တွင် ကြုံတွေ့နေရသည့်အခြေအနေ၊ အခက်အခဲများကို ရှင်းလင်းတင်ပြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးပြီး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး အသေးစား ဝါးနှီးစက်မှုသင်တန်းကို လှည့်လည်ကြည့်ရှုအားပေးသည့်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ နာရိန္ဒြာကုမ္ပဏီ၏ မျှစ်ခြောက် လုပ်ငန်းစက်ရုံကို လှည့်လည်ကြည့်ရှုရာ ဒေါ်နန်းခင်အုန်းက မျှစ်ခြောက် ထုတ်လုပ်မှုအဆင့် ဆင့်နှင့် လက်ရှိတင်ပို့နေသည့် မျှစ်ခြောက်အခြေအနေများ၊ မျှစ်အစိုစုဆောင်မှုများ၊ ယခုနှစ်အတွင်း မျှစ်အခြောက် တန်ချိန် ၁၅၀၀ ခန့် ဂျပန်နိုင်ငံသို့ တင်ပို့နိုင်ကြောင်း၊ ဝယ်လိုအားများ ပြားသော်လည်း သဘာဝမျှစ်အစို စုဆောင်းရန် အခက်အခဲကြောင့် မျှစ်ခြောက်အများအပြား ထုတ်လုပ်နိုင်ရန်အတွက် ဝါးများကို စနစ်တကျ စိုက်ပျိုးပြီး တန်ဖိုးကွင်းဆက်တစ်ခုလုံးဖော်ထုတ်ရန် ဆောင်ရွက် နေပါကြောင်း၊ မျှစ်ခြောက်ကို ဂျပန်ုနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဟောင်ကောင်နှင့် တရုတ်နိုင်ငံများမှ ဝယ်လိုအားများစွာရှိကြောင်း၊ ကုန်ကြမ်းနှင့် အရည်အသွေးအရ ဂျပန်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေး ကာ လိုအပ်သည်များမှာကြားသည်။
ယင်းနောက် ခေတ်အေးကျေးရွာရှိ ဝါးစံပြစိုက်ခင်းသို့ သွားရောက်လေ့လာကြည့်ရှုအားပေးပြီး ကြံနှင့် အခြား သီးနှံစိုက်ပျိုးထုတ်လုပ်သူများ၊ ဝယ်ယူသူများနှင့် တွေ့ဆုံရာ တောင်သူများမှ ကြုံတွေ့နေရသည့် အခက်အခဲ များနှင့် ကိုဗစ်-၁၉ ကာလအတွင်း တွေ့ကြုံနေရသည့် အခြေအနေများကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြည်လည်ဖြည့်စွက်ဆွေးနွေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ်ရှိ Myanmar Golden Produce Pte Ltd ၏ သစ်သီးဝလံတန်ဖိုးနှင့် ထုတ်ကုန်စက်ရုံသို့ ရောက်ရှိပြီး သရက်သီး၊ ခရမ်းချဉ်သီးနှင့် အခြားသီးနှံများကို အေးခဲ အဖြစ်လည်းကောင်း၊ အခြောက်ခံ၍လည်းကောင်း နာနတ်သီးခြောက်ဖြင့် စည်သွတ်ဘူးထုတ်လုပ်မှု စသည့် တန်ဖိုးမြှင့်ထုတ်လုပ်မှုများနှင့် ISO ရရှိရေး စက်ရုံအားအဆင့်မြှင့် တင်ဆောင်ရွက်နေမှုကို လည့်လည် ကြည့်ရှုအားပေးသည်။ ယင်းထုတ်ကုန်များကို ဈေးကွက်အနေဖြင့် တရုတ်၊ စင်ကာပူ၊ မလေးရှားနှင့် ရုရှားတို့သို့ တင်ပို့လျက်ရှိပြီး အရှေ့အလယ်ပိုင်းနှင့် အခြားဈေးကွက်များတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်သာကျေးရွာရှိ ကြံစိုက်ခင်းများကို သွားရောက် လေ့လာပြီး ကြံစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက သစ်သီးဝလံများကို ယခုကဲ့သို့ တန်ဖိုးမြှင့်ထုတ်ကုန်များပြုလုပ်ခြင်းသည် နိုင်ငံတော်အတွက် လည်းကောင်းမွန်ပါကြောင်း၊ စီးပွားရေးသံမှူးများ ကိုလည်း နိုင်ငံခြားတိုင်းပြည်များတွင် ထားရှိပြီးဖြစ်၍ ဈေးကွက်ကို ချိတ်ဆက်ရှာဖွေကြရန်ဖြစ်ကြောင်း၊ ထုတ်လုပ်ရာတွင် ယခုကဲ့သို့ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရာတွင် အရည်အသွေးကောင်းမွန်ရန် လိုအပ်ပါ ကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)