ဆော ၂၂  သြဂုတ် 

ဂန့်ဂေါခရိုင်၊ ဆောမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပင်စင်စားများအတွက် ပင်စင်များကို သြဂုတ် ၂၁ ရက် နံနက် ၇ နာရီခွဲမှစ၍ လူစုလူဝေးမဖြစ်ပေါ်စေရေး ပင်စင်စားများအား နေ့ရက်များအလိုက် ထုတ်ပေးလျက်ရှိသည်။

ယင်းသို့ ထုတ်ပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ပင်စင်လာရောက် ထုတ်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ခြင်းအတွက် စနစ်တကျရှိစေရန် သုံးပေအကွာ စည်းများပြုလုပ်ထားပေးခြင်း၊ လက်ဆေးစင်များ ပြုလုပ်ထားပေးခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း(mask) မပါသူများ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ကိုယ်အပူချိန်တိုင်းကိရိယာဖြင့် ကိုယ်အပူချိန်တိုင်းပေးခြင်းတို့ကို ဆောင်ရွက်၍ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အဖွဲ့ဝင်များက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ပင်စင်ထုတ်ပေးရာ၌ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် သြဂုတ် ၂၁ ရက်တွင် မြို့ပေါ်ရပ်ကွက် (၂)ရပ်ကွက်မှ ပင်စင်စားများအား လည်းကောင်း၊ ၂၄ ရက်တွင် ကျေးရွာ(၁၀)ရွာမှ ပင်စင်စားများ လည်းကောင်း၊ ၂၅ ရက်တွင် ကျေးရွာ(၁၁)ရွာမှ ပင်စင်စားများအား လည်းကောင်း၊ ၂၆ ရက်တွင် ကျေးရွာ (၉)ရွာမှ ပင်စင်စားများအား လည်းကောင်း၊ ၂၇ ရက်တွင် ကျေးရွာ(၅)ရွာမှ ပင်စင်စားများ လည်းကောင်း၊ ၂၈ ရက်တွင် ကျေးရွာ(၇)ရွာမှ ပင်စင်စားများအား လည်းကောင်း အငြိမ်းစားလစာထုတ်ပေးသည့် နေ့ရက်များအလိုက် နံနက် ၇ နာရီခွဲမှ မွန်းလွဲ ၃ နာရီအချိန်ထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော အငြိမ်းစားများသည် စက်တင်ဘာလဆန်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်ခင်သန်းထွေးထံမှ သိရသည်။

ဇော်မျိုးသန့်(ဆော)