မန္တလေး ၂၂ သြဂုတ်
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကိုလိုနီခေတ်လက်ကျန် အဆောက်အဦများ စာရင်းကောက်ယူ နေကြောင်း ရှေးဟောင်းသုတေသန ဦးစီးဌာန မန္တလေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မန္တလေးမြို့အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ နှစ် ၁၀၀ ကျော် သက်တမ်းရှိပြီ ဖြစ်သော ကိုလိုနီခေတ်လက်ကျန် အဆောက်အဦများတွင် အများနှင့်ဆိုင်သော အဆောက်အဦများအပြင် လူနေအိမ်များကိုလည်း စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။ ယခုလို စာရင်းကောက်ယူရာတွင် ပြင်ဦးလွင်မြို့နယ်တစ်ခုတည်းတွင် လူနေအိမ်များ အပါအဝင် အဆောက်အဦ ပေါင်း ၁၀၀ ကျော်အထိ ရှိကြောင်း သိရသည်။
“မန္တလေးနဲ့ ပြင်ဦးလွင်မှာကို အများကြီးရှိတယ်။ မိုးကုတ်မှာလည်း ရှိတယ်။ အားလုံးသိနိုင်ဖို့ ဆိုရင်တော့ အချိန်ယူရဦးမယ်။ ဘတ်ဂျက်လည်း လိုတယ် " ဟု ရှေးဟောင်းသုတေသန ဦးစီးဌာန မန္တလေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကိုလိုနီ ခေတ်လက်ကျန် အဆောက်အဦများတွင် ဘာသာရေးကျောင်းများ၊ ဆေးရုံ၊ စာသင်ကျောင်း၊ လူနေအိမ်စသဖြင့် ပါဝင်ကြောင်း သိရသည်။
ကိုလိုနီခေတ်လက်ကျန် ရှေးဟောင်းအဆောက်အဦများ စာရင်းကောက်ယူမှုကို ၂၀၁၉ ခုနှစ် ဝန်းကျင်က စတင်ဆောင်ရွက်ခဲ့ပြီး မြို့ကြီးများအပြင် မြို့နယ်များတွင်ရှိ ရှေးဟောင်း အဆောက်အဦများကိုလည်း မှတ်တမ်းပြုစု ကောက်ယူလျက်ရှိကြောင်း သိရသည်။
မေသက်ထား