မိတ္ထီလာ ၂၂ ဩဂုတ်
မိတ္ထီလာမြို့နယ် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရန်နှင့် ပုဂ္ဂလိကလုပ်ငန်းများ ထူထောင်နိုင်ရန်အတွက် CERP အစီအစဉ်ဖြင့် လက်ရက်ကန်းပညာသင်တန်းကို ဒုတိယအကြိမ်မြောက် အခမဲ့ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။
“မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရန်နှင့် ပုဂ္ဂလိကလုပ်ငန်းများ ထူထောင်နိုင်ရန် ရည်ရွယ်၍ အသက်မွေးဝမ်း ကျောင်း သင်တန်းများကို COVID-19 Economic Relief Plan(CERP) အစီအစဉ်အရ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ ယခုဖွင့်လှစ်သော လက်ရက်ကန်းသင်တန်းကို ဒုတိယအကြိမ်မြောက်အဖြစ် သင်တန်းသား (၁၀) ဦးကို သြဂုတ်လ ၁၅ ရက်နေ့မှ စက်တင်ဘာလ ၇ ရက်နေ့အထိ နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၄ နာရီအချိန်အထိ ခြုံပုဝါနှင့် မာဖလာ ရက်လုပ်နည်းပညာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စာတွေ့လက်တွေ့ အခမဲ့ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း” ကျောင်းအုပ် ဆရာကြီး ဦးသာဝက ပြောကြားခဲ့သည်။
အဆိုပါ လက်ရက်ကန်းပညာသင်တန်းကို အောင်ဆန်းမြို့သစ်ရပ်ကွက်၊ လက်ပံ့ခေါင်းကျေးရွာ၊ ကြာအင်းကျေးရွာ၊ အိုင့်ကျေးရွာ၊ ဆူးဖြူကွက်ကျေးရွာ၊ ကံကြီးကုန်းကျေးရွာတို့မှ လာရောက်၍ တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)