ဒီးမော့ဆို ၂၂ ဩဂုတ်       

         

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် COVID-19 စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် တောင်သူ (၅၄၈)ဦးက မိုးစပါးမျိုးစေ့ထုတ် စိုက်ဧက(၇၈၀) စိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး မိုးစပါး မျိုးစေ့များ အောင်မြင်စွာ ထုတ်လုပ်နိုင်ရန်အတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ငွေတောင်ဆည်အနီးရှိ စိုက်ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

တွေ့ဆုံဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေး ဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင်က မိုးစပါးမျိုးစေ့ ထုတ်လုပ်ရာတွင် နိုင်ငံတော်အစိုးရမှ COVID-19 စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိပြီး စာချုပ်ပါအတိုင်း စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တောင်သူများအနေနှင့် အရည်အသွေး ကောင်းမွန်သော မျိုးစေ့များ ထုတ်လုပ်ပြီး အခြားတောင်သူများအတွက် အကျိုးရှိသော မျိုးစေ့များဖြစ်စေရန် ဌာနမှ ညွှန်ကြားထားသော နည်းစနစ်အတိုင်း စိုက်ပျိုးဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

 

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက မိုးစပါးမျိုးစေ့ထုတ်မည့် တောင်သူ (၅၀) အတွက် တစ်ဦးလျှင် အိမ်ခြံဝင်းအတွင်း စိုက်ပျိုးနိုင်သော ဟင်းသီးဟင်းရွက် မျိုးစေ့ (၁၈)မျိုးနှင့် စိုက်ပျိုးရေးသုံးပစ္စည်းများကို ပေးအပ်ခဲ့သည်။

 

ဒီးမော့ဆိုမြို့နယ်တွင် COVID-19 စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မြို့နယ်ရှိ မြို့မ၊ ငွေတောင်၊ ဆင်တောင်၊ ဒေါဘူးကူး၊ ဆောင်ဒူရွာသစ်၊ သေးဆူလဲ၊ နောင်ပုလဲနှင့် စံပြ(၆)မိုင် ကျေးရွာအုပ်စုတို့တွင် တောင်သူ (၅၄၈)ဦးမှ မိုးစပါးမျိုးစေ့ထုတ် စိုက်ဧက (၇၈၀) စိုက်ပျိုး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ရီရယ်(ဒီးမော့ဆို)