နေပြည်တော် ၂၂ ဩဂုတ်
ရခိုင်ပြည်နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှုများ ပိုမိုများပြားလာ၍ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက အမိန့်အမှတ် (၁/၂၀၂၀) ဖြင့် ညမထွက်ရအမိန့်ကို ဩဂုတ် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် စစ်တွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရမှု မရှိစေရေးနှင့် အချိန်မီထိန်းသိမ်းနိုင်ရေးတို့အတွက် အရေးပေါ်ကိစ္စပေါ်ပေါက် လာပါက သက်ဆိုင်ရာ၏ ခွင့်ပြုချက်အရမှအပ နေ့စဉ် ည ၉ နာရီမှ နောက်တစ်နေ့ နံနက် ၄ နာရီ အထိ ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ကြောင်း ဖော်ပြထားပြီး ယင်းအမိန့်သည် ဩဂုတ် ၂၁ ရက်မှ စတင်၍ နှစ်လ အတည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက လက်မှတ်ရေး ထိုးထားသည်။
အလားတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဩဂုတ် ၂၀ ရက်တွင် ရောဂါကူးစက် ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ်၌ ဩဂုတ် ၂၂ ရက်အထိ ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၆၁ ဦးတွေ့ရှိရကြောင်း သိရသည်။
သတင်းစဉ်


