ပျဉ်းမနား ၂၃ ဩဂုတ်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပေါင်းလောင်းရေလွှဲဆည် တည်ဆောက်ရာတွင် ရေဝပ်ဧရိယာအတွင်း ပါဝင်သွားသည့် ပျဉ်းမနားမြို့နယ်မှ တောင်သူများ၏ လယ်ယာမြေများအတွက် လက်ဝယ်အရောက် လျော်ကြေး၊ နစ်နာကြေးငွေများကို ဩဂုတ် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ကျေးရွာများသို့ ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းပေးအပ်ရာတွင် ပျဉ်းမနားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်နှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမင်းသန့်တို့က ရေဝပ်ဧရိယာအတွင်း ပါဝင်သွားသည့် လယ်ယာမြေများကို လျော်ကြေး၊ နစ်နာကြေးများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တောင်သူများက သိရှိလိုသည်များကို မေးမြန်းရာ ပျဉ်းမနားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်လယ်ယာမြေ စိစစ်ရေးကော်မတီဝင်များက ပြန်ရှင်းလင်းဖြေကြားပေးသည်။
ပေါင်းလောင်းရေလွှဲဆည် တည်ဆောက်ရာ ပျဉ်းမနားမြို့နယ်မှ ရေဝပ်ဧရိယာအတွင်း ပါဝင်သွားသည့် တောင်သူ ၆၂၅ ဦး၏ လယ်ယာမြေ ၂၃၆၂ ဒသမ ၇၅ ဧကအတွက် တစ်ဧကလျှင်ကျပ် ၁၇၄၉၄၃ နှုန်းဖြင့် ကျပ် ၂၆၁၃၂၆၅၈၁ ကို တောင်သူများလက်ဝယ်အရောက် ကျေးရွာများသို့ ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)


