ဂန့်ဂေါ ၂၃ သြဂုတ်

 

ဂန့်ဂေါမြို့နယ်သည် မိုးရာသီ၌ မိုးနှမ်းနှင့် မိုးစပါးကို အဓိကထားစိုက်ပျိုးကြလျက်ရှိရာ ယခုအခါ မိုးနှမ်းများ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း၊ မိုးနှမ်းရိတ်သိမ်းရာတွင် ယခင်ကကဲ့သို့ နှမ်းပုံခြင်းကို ပြုလုပ်သူနည်းသွားကြောင်းနှင့် တိုက်ရိုက်ထောင်သည့်စနစ်ဖြင့် ဆောင်ရွက်သူ ပိုမိုများပြားလာကြောင်း သိရသည်။

 

နှမ်းပုံရသည့်စနစ်တွင် ခုတ်ပြီးသားနှမ်းများကို သယ်ယူရခြင်း၊ နှမ်းပုံရခြင်း၊ နှမ်းပုံမှ နှမ်းထောင်ရန် လူငှားရခြင်း စသည့် လုပ်အားခ ကုန်ကျစရိတ်များ ပိုများကာ လူငှါးရန်လည်း ယခုနောက်ပိုင်းတွင် လုပ်သားရှားပါးလာကြောင်း သိရသည်။ နှမ်းမပုံဘဲ တိုက်ရိုက်နှမ်းထောင်ခြင်းက လုပ်သားလိုအပ်ချက်နည်းသလို ကုန်ကျစရိတ်လည်းနည်းကြောင်း၊ တိုက်ရိုက်ထောင်ပြီး ခါသည့်နှမ်းမှာ အရည်အသွေး ပိုကောင်းကြောင်း တောင်ယာပြင်ကျေးရွာမှ တောင်သူ ဦးမောင်ရွှေ ပြောပြချက်အရ သိရသည်။

 

ဂန့်ဂေါမြို့နယ်တွင် ယခုအခါ မိုးနှမ်းကို စတင်ရိတ်သိမ်းနေပြီဖြစ်ရာ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြင့်ဇော်နှင့် ဝန်ထမ်းများသည် ဩဂုတ် ၂၂ ရက်က တောင်ယာပြင်ကျေးရွာရှိ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP စနစ်ဖြင့် စိုက်ပျိုးထားသော မိုးနှမ်းစိုက်ခင်းများ ရိတ်သိမ်းနေမှုကို ကွင်းဆင်းကြည့်ရှုကြသည်။

 

“နှမ်းပုံခြင်းမပြုဘဲ တိုက်ရိုက်နှမ်းထောင်ခြင်းနည်းစနစ်၏ အကျိုးကျေးဇူးများမှာ တိုက်ရိုက်ထောင်တော့ Free Fatty Acid ပါဝင်မှုနည်းပြီး စားသုံးသူတွေအတွက် အန္တရာယ်ကင်းပါတယ်။ ဈေးကွက်အရ ဈေးကောင်းမရလည်း ကိုယ့်နှမ်းကို ကိုယ်တိုင် ယုံယုံကြည်ကြည်၊ အန္တရာယ်ကင်းကင်း စားရပါတယ် ဆိုတာကို ဒေသနှင့်လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်နိုင်သည့် နည်းလမ်းများအကြောင်း တောင်သူများနှင့် တွေ့ဆုံပညာပေးဆွေးနွေးရာမှာ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်” ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြင့်ဇော်က ပြောသည်။

 

ဂန့်ဂေါမြို့နယ်တွင် လက်ရှိဒေသပေါက်ဈေးမှာ နှမ်းနက်တစ်တင်းလျှင် ကျပ်ခြောက်သောင်းခွဲခန့် ရှိကြောင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP စနစ်ဖြင့် မိုးနှမ်း ၂၀၀၂ ဧကကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် စိုက်ပျိုးကြောင်း သိရသည်။

 

၁၄၄