မြောက်ဦး ၂၃ သြဂုတ်

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းမပေါ်ပေါက်စေရန်နှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ကျန်းမာရေးအသိပညာပေး နှိုးဆော်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ အသိပညာပေးရေးနှင့် သတင်းစုဆောင်းထုတ်ပြန်ရေး လုပ်ငန်းကော်မတီအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ကာ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

ထိုသို့ အသိပေးနှိုးဆော်ရာတွင် မြို့ပေါ်ရပ်ကွက်များဖြစ်သော ပိုးတွေ့လူနာအမှတ်စဉ် ၄၀၈ နေထိုင်ခဲ့သည့် လက်ကောက်ဈေးရပ်ကွက်၊ တောင်ရပ်ရပ်ကွက်ရှိ နန်းရာကုန်းကားဂိတ်နှင့် မြို့မဈေးကြီး အနီးနားပတ်ဝန်းကျင်နေရာများ၊ မြို့အဝင်/ထွက်လမ်းဆုံဖြစ်သည့် ညောင်ပင်ဈေးရပ်ကွက်၊ ထမ္မရာဇ်ရပ်ကွက်၊ အောင်တပ်ရပ်ကွက်၊  စသည့်ရပ်ကွက်များမှ လူစည်ကားရာနေရာများ သို့သွားရောက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း မပေါ်ပေါက်စေရေး အဓိကလိုက်နာရမည့်အချက် ၈ ချက်အား တိတိကျကျလိုက်နာကြရန် ပြည်သူများအား အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။ ယင်းနောက် ဈေးရောင်း၊ ဈေးဝယ်လာသူများ၊ လမ်းသွားလမ်းလာများနှင့် အငှားယာဉ်မောင်းနှင်သူများကို အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်သွားလာကြရန်နှင့် နှာခေါင်းစည်းမပါရှိသူများအား နှာခေါင်းစည်းနှင့် လက်ကမ်းစာစောင်များအား အခမဲ့ဝေငှပေးကာ အသိပညာပေး ဓါတ်ပုံပြပွဲများပြသခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်းတို့ကို  ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ အသိပညာပေးကွင်းဆင်းဆောင်ရွက်မှုကို မြောက်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပညာရေးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ မြောက်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းမပေါ်ပေါက်စေရေး အထူးအလေးထားကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှ ကြောင်း သိရှိရသည်။ 

 

တင်ထွန်းဦး(ပြန်/ဆက်)