သံဖြူဇရပ် ၂၃ ဩဂုတ်

 

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အဖွဲ့သည် ဩဂုတ် ၂၂ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေအရှိန်ကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော သံဖြူဇရပ်မြို့နယ်သို့ ယနေ့နံနက်ပိုင်းက သွားရောက်၍ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။

 

ထိုသို့တွေ့ဆုံရာတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အဖွဲ့သည် သံဖြူဇရပ်မြို့ ကျောင်းပိုင်းရပ်ကွက် မူလွန်ကျောင်းတွင် ယာယီပြောင်းရွှေ့ထားရှိသည့် ရေဘေးရှောင်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြား၍ ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာထောက်ပံ့ငွေကျပ် ၂၃၇၀၀၀ နှင့် နှာခေါင်းစည်း (Mask) များကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစံကြည်ထံ ပေးအပ်ခဲ့သည်။

 

မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် ဩဂုတ် ၂၂ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး တောင်ကျရေအရှိန်ကြောင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကာ နေအိမ်များအတွင်းသို့ ရေဝင်ရောက်ခြင်း၊ သံဖြူဇရပ်-မော်လမြိုင် ကားလမ်းပိုင်းနေရာအချို့၌ လမ်းရေကျော်ခြင်းများ ဖြစ်ပွားခဲ့ပြီး ရေကြီးမှုဖြစ်စဉ်ကြောင့် သံဖြူဇရပ်မြို့ ကျောင်းပိုင်းရပ်ကွက်ရှိ မြေနိမ့်ပိုင်းနေ အိမ်ထောင်စု(၂၇)စုမှ လူဦးရေ(၁၁၃)ဦးအား ရပ်ကွက် မူလတန်းလွန်ကျောင်းတွင် ယာယီပြောင်းရွှေ့ နေရာချထားကြောင်း သိရသည်။

 

အေးအေးသီ(ပြန်/ဆက်)