သံတောင်ကြီး ၂၃ သြဂုတ်

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် သြဂုတ် ၂၂ ရက် ညနေ ၆ နာရီခန့်မှစ၍ မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းခဲ့မှုကြောင့် သံတောင်ကြီးမြို့ အမှတ်(၃)ရပ်ကွက်တွင် မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။ ထိုသို့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လိုသူ့ဂူလမ်းနဘေးရှိ (၈)ပေပတ်လည် အရွယ်အစား ကျောက်တုံးကြီးတစ်လုံး လမ်းပေါ်သို့လိမ့်ကျခဲ့ရာ ကွန်ကရစ်လမ်း အလျား(၁၀)ပေ၊ အနံ(၃)ပေခန့် မြေပြိုသွားပြီး ဦးစောဟေသတြို နေအိမ်မီးဖိုဆောင် (၁၀)ပေပတ်လည်နှင့် နော်အေးရီးယာ၏ နေအိမ်မီးဖိုဆောင် (၁၅)ပေပတ်လည်ခန့် မြေစာပိ၍ ပျက်စီးသွားခဲ့သည်။

 

အဆိုပါမြေပြိုသည့်နေရာသို့ ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဟန်ထူးဇန်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲမှူး ဦးအောင်ဝင်းစိန်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးဝင်းကိုဦးနှင့် တပ်မတော်သားများ၊ ဒေသခံပြည်သူများပူးပေါင်း၍ မြေစာများကို ဝိုင်းဝန်းဖယ်ရှား ရှင်းလင်းပေးခဲ့ကြောင်းနှင့် လူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)