မန္တလေး ၂၃ သြဂုတ်
မန္တလေးမြို့သို့ ရောက်ရှိနေသည့် ရခိုင်ပြည်နယ်မှ ခရီးသည်ရှစ်ဦးကို COVID-19 ရောဂါပိုး ရှိ၊မရှိ ဓာတ်ခွဲစစ်ဆေးခဲ့ရာ ပိုးမရှိ (Negative) အဖြေထွက်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောသည်။
“အားလုံး ဝမ်းသာစရာ သတင်းပါ။ Swab (ဓါတ်ခွဲစစ်ဆေးမှု) အဖြေ All Negative ပါ”ဟု ဦးစိုင်းပန်းဆိုင်က ပြောသည်။
အဆိုပါ ရှစ်ဦးသည် မြေပုံ၊ အမ်းနှင့် မင်းပြားမြို့နယ်များမှ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့သည် အဝေးပြေးယာဉ်လိုင်းအချို့ဖြင့် ဩဂုတ် ၂၁ ရက် နံနက်ပိုင်းက မန္တလေးမြို့သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းတို့ကို မန္တလေးမြို့ ကန်တော်ကြီးရှိ သံဃာ့ဆေးရုံကြီး၌ Facility Quarantine (သတ်မှတ်နေရာ၌ထားရှိကာ အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း) ထားရှိနေဆဲဟု ဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောသည်။
ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်တက်နေသည့်အတွက် ရခိုင်ပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးအတွင်းသို့ လာရောက်သူများကို Facility Quarantine (သတ်မှတ်နေရာ၌ ထားရှိကာ အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း) (၂၁)ရက်ထားရှိရန် မန္တလေးတိုင်းအစိုးရက ညွှန်ကြားစာ ထုတ်ပြန်ထားပြီး မန္တလေး-ရခိုင် ပြေးဆွဲသော ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းများလည်း ယာယီရပ်နားထားကြောင်း သိရသည်။
ဖြိုးအိ


