ထန်းတပင် ၂၃ ဩဂုတ်
သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို အများပြည်သူများအား မိုလ်ဘိုင်းဖုန်းမှ တစ်ဆင့် ဖြန့်ဝေဆောင်ရွက်နိုင်ရေးတို့အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် ပဏာမအနေဖြင့် စမ်းသပ်စစ်ဆေးမှုများကို စတင်၍ ကွင်းဆင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး သြဂုတ် ၂၃ ရက်နေ့၊ နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်သို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ အေးမွန်မွန်ကျော် ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန(ရပကန)မှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက အဖွဲ့(၂)ဖွဲ့ခွဲကာ အမှတ်(၂)ရပ်ကွက်အတွင်း ဦးစံအေးလမ်း၊ ဦးမောင်သင်လမ်း၊ ခွာညိုလမ်းနှင့် သဇင်လမ်းရှိ နေအိမ်များသို့ တစ်အိမ်တက်ဆင်း လိုက်လံ၍ သွေးလွန်တုပ်ကွေးခြင် ပေါက်ဖွားနိုင်သည့် ရေသိုလှောင်ပစ္စည်းထားရှိမှုများကို လိုက်လံ ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြကာ ပိုးလောက်လန်းတွေ့ရှိပါက ဖယ်ရှားရှင်းလင်းခြင်းနှင့် အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များကို မိုလ်ဘိုင်းဖုန်းမှတစ်ဆင့် ဖြန့်ဝေပေးပို့နိုင်ရေး တို့အတွက် ဆက်သွယ်ဆောင်ရွက်ရမည့် အချက်အလက်များကို ကောက်ယူဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ သွေးလွန်တုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အကြောင်းအရာများကို ရပ်ကွက်နေပြည်သူများအား အသိပညာပေး ဆောင်ရွက်ခဲ့ကြကာ နှာခေါင်းစည်း Mask များကို(အခမဲ့) ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရန် ကျန်းမာရေးဆိုင်ရာ အချက်အလက်များပေးပို့မှုကို မိုလ်ဘိုင်းဖုန်းဖြင့် ဖြန့်ဝေပေးပို့နိုင်ရေးအတွက် ပဏာမစမ်းသပ်မှုအနေဖြင့် ရပ်ကွက်တစ်ခုလျှင် အိမ်ခြေ(၁ဝဝ)နှုန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်သည့် အချက်အလက်များ၊ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်သည့် အချက်အလက်များကို ရက်သတ္တပတ်တစ်ပတ်လျှင် တစ်ကြိမ် နှုန်းအနေဖြင့် ရပ်ကွက်နေ ပြည်သူများထံသို့ ဖြန့်ဝေပေးပို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)


