ကလေးဝ ၂၃  ဩဂုတ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင်   လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို  ယမန်နေ့ ညနေ ၄ နာရီက ရှောင်တခင်စစ်ဆေးခဲ့သည်။

 

အဆိုပါ လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ မြို့နယ်ကျန်းမာ​ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ယင်းဆိုင်များတွင် စားပွဲခုံအား မှန် သို့မဟုတ် ပလတ်စတစ်တို့ဖြင့် နှစ်ပိုင်းခြား ကာထားပြီး လက်​ဆေးရန်​ ဘေစင်၊ အပူချိန်တိုင်း သာမိုမီတာနှင့် Mask မပါလာသူများကို Mask များ​ရောင်းချ​ပေးမည့် အစီစဉ်များထားရှိပြီး အစားအ​​သောက်များကိုင်မည့် သူကိုလည်း လက်အိတ်စသည်တို့ဖြင့် ကိုင်တွယ်ရောင်းချရန် မြို့နယ်စစ်ဆေးရေးအဖွဲ့က ရှောင်တခင် စစ်ဆေးခဲ့သည်။

 

ထိုသို့စစ်ဆေးရာတွင် သတ်မှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိသည့် လက်ဖက်ရည်ဆိုင်များအား ပထမအကြိမ်တွင် သတိပေးခြင်း၊ ဒုတိယအကြိမ်တွင် ဒဏ်ငွေချမှတ်ခြင်း၊ တတိယအကြိမ်တွင် မလိုက်နာပါက ကာလအကန့်သတ်တစ်ခုအထိ ဆိုင်ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)