ကလေးဝ ၂၃ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း ၄ ကျောင်းမှ ကျောင်းသား/ ကျောင်းသူများအား စက်ဘီး ၁၇၀ စီး ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက မစိန်ကျေးရွာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
စက်ဘီး ၁၇၀ ပေးအပ်ပွဲ၌ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူ၊ စစ်ကိုင်းတိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးစိုးလွင်းတို့မှ အဖွင့်အမှာစကား ပြောကြားပြီး အလှူရှင် Less Walk Organization နှင့် ဇမ္ဗူရာဇ်ကျောက်မျက် ရတနာ ကုမ္ပဏီတို့ကိုယ်စား ဦးသန်းဌေးက ကျောင်းသား/ကျောင်းသူများအား စက်ဘီးအစီး ၁၇၀ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ချို၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးဇော်လင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိအကြီးအကဲများ၊ သက်ဆိုင်ရာ အထက်တန်း ကျောင်းအုပ် ဆရာကြီးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ပြီး နေ့စဉ် ခြေလျင်ခရီး သွားရောက်၍ ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မစိန် အထက အတွက် ၄၃ စီး၊ ဂဇက် အထက အတွက် ၄၅ စီး၊ တောင်အောက် အထက အတွက် ၄၂ စီး၊ ဆည်ကြီး အထက (ခွဲ) အတွက် ၄၁ စီး စုစုပေါင်း အစီး ၁၇၀ အား အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်ဟန်(ကလေးဝ)


