သံတွဲ ၂၃  ဩဂုတ်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် သံတွဲမြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီနှင့် အသိပညာပေးရေးနှင့် သတင်းစုဆောင်း ထုတ်ပြန်ရေး ကော်မတီတို့ ပူးပေါင်း၍ သံတွဲမြို့ ဒွါရာဝတီမြို့မဈေးနှင့် မြို့အတွင်းလှည့်လည်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များစနစ်တကျ တပ်ဆင်အသုံးပြုရေး၊ စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချရေးတို့အတွက် အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက်မှစတင်၍ လှည့်လည် အရှိန်အဟုန်မြှင့် ဆော်ဩလျက်ရှိသည်။

 

ဆက်လက်၍ သံတွဲမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်သူ နှစ်ဦးရှိလာပြီဖြစ်သည့်အတွက် ရောဂါကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် မိမိတို့ နေအိမ်တွင် နေထိုင်ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ညွှန်ကြားချက် များကို တိတိကျကျ လိုက်နာဆောင်ရွက်ရေး မြို့ဝင်မြို့ထွက် နေရာများတွင် ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ၊  သံတွဲမြို့ အမှတ် ၂၄ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ရဲအုပ်သန်းစိုးအောင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သံတွဲမြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့် သိမ်ကုန်း ဆရာတော် ဦးဆောင်သည့် သံတွဲမြို့ စုပေါင်းပရဟိတအဖွဲ့များ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်