နေပြည်တော် ၂၃ သြဂုတ်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်နှင့် တာဝန်ရှိသူများနှင့်အတူ သြဂုတ် ၂၃ ရက်၊ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မွေကျေးရွာအုပ်စု၊ မွေကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည့် သစ္စာစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပြီး ဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲသို့ တက်ရောက်အားပေးသည်။
အစီစဉ်အရ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက မွေကျေးရွာအုပ်စုအတွင်း သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာပြည်သူ တစ်ဦးချင်းထံ ပေးအပ်ကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ ခန်းမအတွင်း လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံကျေးရွာပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် မှတ်တမ်းမှတ်ရာ၊ စာရွက်စာတမ်းများ ဖြည့်သွင်းပြုစုဆောင်ရွက်နေမှုကို ကြည့်ရှု့ အားပေးကာ ဝန်ထမ်းများအား မှတ်တမ်းများစနစ်တကျ ရေးသွင်းပြုစု ထိန်းသိမ်းထားရှိရေး မှာကြားပြီး တာဝန်ရှိသူများအား မဲစာရင်းတိကျမှန်ကန်စေရေးအတွက် ဆောင်ရွက်မှု အခြေအနေ များကိုလည်းကောင်း၊ ကျေးရွာကြက်ခြေနီတပ်ဖွဲ့ဝင်များအား Covid-19 ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် အလေးထား ဂရုပြုဆောင်ရွက်နိုင်ရေး အခြေအနေများကို လည်းကောင်း ဆွေးနွေးမှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ကနောင်စက်မှုခန်းမ၌လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်ထုတ်ပေးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးပြီး ဒေသခံ ပြည်သူများ အား လုပ်ငန်းလိုအပ်ချက်များ မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါခန်းမ၌ ကျင်းပသည့် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များမှ ပြည်သူများအတွက် သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားရာတွင် လက်ရှိ နိုင်ငံတော်အစိုးရ စတင်တာဝန်ယူချိန်မှစ၍ မိမိတို့ဌာန အနေဖြင့် ပြည်သူတို့၏ အဓိက လိုအပ်ချက်ဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်းကို သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးများ၌ ဆောင်ရွက်ပေးနေသည့်အပြင် သစ္စာစီမံချက်ရေးဆွဲကာ စက်ရုံအလုပ်ရုံ၊ စက်မှုဇုံများ၊ စာသင်ကျောင်းများ၊ ရပ်ကွက်/ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ပေးနေစဉ် Covid-19 ရောဂါ ဖြစ်ပွားမှုကြောင့် ကွင်းဆင်း ဆောင်ရွက်ပေးရန် ကန့်သတ်ချက်များ ရှိသဖြင့် ရုံးများ၌သာ ဆောင်ရွက်ပေးခဲ့ရပါကြောင်း၊ ယခုအခါ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးပိုင်ခွင့် ရရှိစေရေး အတွက် မိမိတို့ဌာနအပါအဝင် ဆက်စပ်ဌာနအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် လျက်ရှိရာ မဲစာရင်းတွင် ပါဝင်သူများကို ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်ကတ်ပြား တစ်မျိုးမျိုး ရရှိထုတ်ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မှတ်ပုံတင်ကတ်ပြား တစ်မျိုးမျိုး မရှိသော်လည်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ဖွဲ့ခွဲများမှ စီမံဆောင်ရွက်ထားရှိကြောင်းကိုလည်း အသိပေးပြောကြားလိုပါကြောင်း၊ မိမိတို့ဌာနအနေဖြင့်လည်း ယခုကာလအတွင်း သစ္စာစီမံချက်ဖြင့် ရုံးပိတ်ရက်များပါမကျန် ကွင်းဆင်းဆောင်ရွက်ပေးနေမှုအပေါ် ဆက်စပ်ဌာနများ နှင့်ပြည်သူအားလုံးက ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်အသီးသီး၌ သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီး ဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည် နှင့် တာဝန်ရှိသူတို့က သက်ဆိုင်ရာမြို့နယ်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူတစ်ဦး ချင်းထံ အသီးသီးပေးအပ်ကြသည်။ ယင်းနောက် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိသူ ပြည်သူများ ကိုယ်စား ဒေသခံပြည်သူ တစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်း လိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံးများမှ ဝန်ထမ်းများသည် သက်ဆိုင်ရာဒေသ များမှ ဒေသခံပြည်သူများအား ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်ကတ်ပြား တစ်မျိုးမျိုးထုတ်ပေး နိုင်ရေးအတွက် သစ္စာစီမံချက်ဖြင့် အများပြည်သူရုံးပိတ်ရက်များပါမကျန် ကွင်းဆင်း ဆောင်ရွက် ထုတ်ပေးလျက်ရှိရာ ယနေ့တွင် မိထ္ထီလာမြို့နယ်၊ မွေကျေးရွာအုပ်စုအတွင်းရှိဒေသခံ ပြည်သူ (၁၁၂)ဦး အားလည်းကောင်း၊ မန္တလေးတိုင်းအတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ ဒေသခံပြည်သူ (၂၅၃၃)ဦး အားလည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ မြို့တော်ခန်းမ၌ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ တိုင်း/ ခရိုင်/ မြို့နယ်ဦးစီးမှူးများအား တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အသွင်သဏ္ဍာန်နှင့် အနှစ်သာရ ပြောင်းလဲရေးကို အလေးထားဆောင်ရွက်နေသကဲ့သို့ ဝန်ဆောင်မှုပေးရသည့်ဌာန ဖြစ်သည်နှင့်အညီ ပြည်သူကိုဗဟိုပြု၍ ပြည်သူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ဌာန၏ မူဝါဒရည်မှန်းချက်များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်ကြရသော်လည်း ရုံးတွင် ဆောင်ရွက်ရသည့် သမ္မဇဉ်လုပ်ငန်းများ မကျန်ရှိစေရေးအတွက်လည်း စနစ်တကျ ဆောင်ရွက်ကြရန်လိုကြောင်း၊ ဌာန၏လုပ်ငန်းသဘောသဘာဝအရ စနစ်တကျ စိစစ်ဆောင်ရွက် ရသဖြင့် အချိန်အတိုင်းအတာတစ်ခုထိ ကြန့်ကြာမှုများရှိမှုအပေါ် ပြည်သူများသိရှိ နားလည်စေရေး အတွက် ရှင်းလင်းချပြကြရန်လိုကြောင်း၊ မဲစာရင်းတိကျမှန်ကန်စေရေးနှင့် မဲစာရင်းတွင် ပါရှိသူများအား ကိုင်ဆောင်သင့်သည့် မှတ်ပုံတင်ကတ်ပြားတစ်မျိုးမျိုး ရရှိစေရေးအတွက် သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့နှင့် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုအခါ ဝန်ထမ်းများသည် ရုံးပိတ်ရက်များတွင် အနားမယူဘဲ ကွင်းဆင်းဆောင်ရွက်ပေးမှုများကို အသိအမှတ်ပြုပါကြောင်း၊ အခြား တိုင်းဒေသကြီး / ပြည်နယ် များမှ ဝန်ထမ်းများသည်လည်း ယခုကဲ့သို့ လုပ်ငန်းများကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဆောင်ရွက် နေကြပါကြောင်း ဝန်ထမ်းများအနေဖြင့် ပြောင်းလဲနေသော ခေတ်စနစ်ကို မျက်ခြေပြတ်မခံဘဲ လုပ်ငန်းဆောင်ရွက်ချက်တိုင်းအား ပွင့်လင်းမြင်သာမှု၊ အဂတိကင်းရှင်းမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းတစ်ဦးချင်း၏ ပြုမူဆောင်ရွက် ချက်များသည် ဌာန၏ ပုံရိပ်ဖြစ်သည်နှင့်အညီ ကောင်းမြတ်သော အစဉ်အလာများကို ဆက်လက် ထိန်းသိမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း နှင့် အကျယ်တဝင့် ရှင်းလင်း အမှာစကား ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဦးစီမှူး ဦးကျော်ယဉ်ဦးက မဲစာရင်းထုတ်ပြန်ရာတွင် ကိုင်ဆောင်သင့်သည် ကတ်ပြားအမှတ်များ ဖြည့်သွင်းရန် ကျန်ရှိမှုအပေါ် ပြန်လည်ဖြည့်သွင်း ဆောင်ရွက်နေမှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးပြီး မဲစာရင်းတိကျမှန်ကန်စေရေး နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေး လုပ်ငန်းကိုဦးစားပေးလုပ်ငန်းအဖြစ် သတ်မှတ်ကာ အောင်မြင်အောင်ကြိုးပမ်း ဆောင်ရွက်ကြရေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
MDN


