ရန်ကုန်  ၂၃  ဩဂုတ်

ဖိလစ်ပိုင်နိုင်ငံသို့ DHL (အမြန်ချောပို့) ဖြင့် ပို့ဆောင်မည့် ငွေကျပ် ၇၆၅ သိန်းကျော် တန်ဖိုးရှိ အိုက်စ် (မက်အက်ဖက်တမင်း) များနှင့် ပါဝင်ပတ်သက်သော နိုင်ဂျီးရီးယားနိုင်ငံသားများအား ဖမ်းဆီးရမိ ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ရန်ကုန်မြို့ လှိုင်မြို့နယ် (၁၃)ရပ်ကွက် အင်းစိန်လမ်းမကြီးပေါ်ရှိ DHL ရုံးသို့ ဩဂုတ် ၁၉ ရက် မွန်းလွဲပိုင်းက ပါဆယ်ပစ္စည်းလာရောက်ပို့ဆောင်မှု၌ မသင်္ကာဖွယ်ရာ ပါဆယ်ထုပ်တွေ့ရှိကြောင်းသတင်းပို့ချက်အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ပါဆယ်ထုပ်လာရောက်ပို့ဆောင်သူ မမြင့်မြင့်ငြိမ်း()မိုးမိုး(၃၈)နှစ်၊ ဒေါ်မြင့်မြင့်ငြိမ်း(၅၆)နှစ်နှင့် သိန်းထွန်း(၃၄)နှစ် တို့ သုံးဦးအားတွေ့ရှိပြီး ပါဆယ်ထုပ်တွင် ပေးပို့သူလိပ်စာ၌ Ma Cho Zin Htoo, No 6, Shwe Hnin Street, Sher Mya Yar Industrial Zone, Hmawbi Tsp, Yangon, Myanmar နှင့် လက်ခံသူလိပ်စာ၌ TONABEL P-SAN, REDRO 036 PUROK 2 LOURDE S LUBAO PAMPANFA2005-LUBAO.PM PAMPANGA-PHILIPPNES ဟုဖော်ပြပါရှိကြောင်း။

ပါဆယ်ထုပ်အား စစ်ဆေးရာ ကလေးစီးသည့်ကားနှင့် ၎င်းကားဘီး ဘီးအတွင်းမှ အိုက်စ် (မက်အက်ဖက်တမင်း) သုည ဒသမ ၉၅၇ ကီလို (တန်ဖိုးငွေကျပ် ၇၆၅ ဒသမ   သိန်း ) အား သိမ်းဆည်းရမိခဲ့၍  ကွင်းဆက်ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများ ပို့ဆောင်ခိုင်းသူ နိုင်ဂျီးရီးယားနိုင်ငံသား Mr. Obumkaemere   Kelechi  Thankgod  (၃၂)နှစ်အား ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ရွှေနှင်းဆီအိမ်ရာ၊ အမှတ်(၆၁) ရပ်ကွက်၊ တိုက်(B-3) အခန်း(၁၅၀၇) တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းအားစစ်ဆေးရာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်တွင် မြန်မာနိုင်ငံမှ နိုင်ဂျီးရီးယားနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားသူ Mr. Agu Chukwunonso Peter က  ဖိလစ်ပိုင်နိုင်ငံရှိ ၎င်း၏ဇနီးဖြစ်သူထံ အဆိုပါ ပါဆယ်ထုပ်အား ပေးပို့ ခိုင်းခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားရှိကြောင်း။

Mr. Obumkaemere  Kelechi  Thankgod  ငှားရမ်းနေထိုင်သည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ နေအိမ်ကိုဝင်ရောက်စစ်ဆေးစဉ် ၎င်းနှင့်အတူ နိုင်ဂျီးရီးယားနိုင်ငံသား Mr.Duru  Tochukwu   Christian   ၂၂ နှစ်၊ Mr. Iziga  Innocent  Chinonso  ၂၄ နှစ် နှင့် Mr.Obiefuna   Benjamin  Tochukwu  ၃၁ နှစ် တို့ကိုလည်း တွေ့ရှိစစ်ဆေးရာ ဗီဇာသက်တမ်း ကျော်လွန်နေထိုင်ကြောင်း ပေါ်ပေါက်သဖြင့် ၎င်းတို့ကိုလည်း မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်းစဉ်

 

drug 02