နေပြည်တော် ၂၃  ဩဂုတ်

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးထံ ဆေးသုတေသန ဦးစီးဌာနမှ မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇတစ်ခုလုံးကို လေ့လာသော သုတေသန ဆောင်ရွက်ခဲ့မှုနှင့် ကာကွယ်ဆေးသုတေသန လုပ်ငန်းများနှင့် စပ်လျဉ်၍ ရှင်းလင်းတင်ပြမှု အစည်းအဝေးကို ယမန်နေ့  ညနေပိုင်းတွင် ဆေးသုတေသနဦးစီးဌာန(ရန်ကုန်)၌ ကျင်းပသည်။

 

ရှေးဦးစွာ ဆေးသုတေသနဦးစီးဌာန၊ ကာကွယ်ဆေး သုတေသနဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမော်ထွန်းက ဆေးသုတေသန ဦးစီးဌာနတွင် (၁၉၉၀) ခုနှစ်၌ သွေးရည်ကြည်မှ ထုတ်လုပ်သော အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ပြီး (၁၉၉၇) ခုနှစ်တွင် အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့မှု၊ (၂၀၀၁-၂၀၀၂) ခုနှစ်တွင် ကိုရီးယားသမ္မတနိုင်ငံမှ CJ ကုမ္ပဏီ၊ ကာကွယ်ဆေးစက်ရုံနှင့် ပူးပေါင်း၍ Recombinant Hepatitis B Vaccine ထုတ်လုပ်ရန် ဆောင်ရွက်ခဲ့မှု၊ လက်ရှိတွင် ကာကွယ်ဆေးနှင့်နှီးနွှယ်သော သုတေသနများဆောင်ရွက်နေမှုအခြေအနေများ၊ ကာကွယ်ဆေး ထုတ်လုပ်မည်ဆိုပါက လိုအပ်မည့် နည်းပညာ၊ အဆောက်အဦနှင့် စက်ပစ္စည်း ကိရိယာလိုအပ်ချက်များ၊ ကာကွယ်ဆေး ထုတ်လုပ်ငန်းစဉ်တစ်ခုလုံးကို အစအဆုံးပြုလုပ်ရန် လိုအပ်ချက်များ၊ အခြားနိုင်ငံတွင် ထုတ်လုပ်ပြီး ကာကွယ်ဆေးကို ပုလင်းသွပ်ခြင်းနှင့် ထုတ်ပိုးခြင်းများ ပြုလုပ်ရန် လိုအပ်ချက်များ၊ ကုန်ကျငွေနှင့် အကျိုးသက်ရောက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြသည်။

 

ထို့နောက် ဆေးသုတေသနဦးစီးဌာန၊ ဇီဝသတင်းအချက်အလက် နည်းပညာဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့်က မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇတစ်ခုလုံးကို လေ့လာသော သုတေသန ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ဆေးသုတေသနဦးစီးဌာနမှ သုတေသီများသည် ယခင်က ငှက်ဖျား၊ ဆေးယဉ်ပါးတီဘီနှင့် ဆေးယဉ်ပါး ဘက်တီးရီးယားများ၏ မျိုးဗီဇတစ်ခုလုံးကို စစ်ဆေးခဲ့မှု နည်းပညာနှင့် အတွေ့အကြုံများကို အခြေခံကာ မြန်မာနိုင်ငံတွင် တွေ့ရှိသည့် SARS-CoV-2 ပိုး၏ မျိုးဗီဇတစ်ခုလုံးကို စစ်ဆေးနိုင်ရန်အတွက် (၂၀၂၀) ပြည့်နှစ်၊ မေလကတည်းက ကြိုးစားဆောင်ရွက်ခဲ့မှု၊ နိုင်ငံတကာတွင် လေကြောင်းလိုင်း အကန့်အသတ်များကြောင့် ဓာတ်ခွဲပစ္စည်းများရရှိမှု နှောင့်နှေးခဲ့မှု၊ ဓာတ်ခွဲပစ္စည်းများရရှိသည်နှင့် ချက်ချင်း ဆောင်ရွက်လေ့လာခဲ့ရာ ယခုလ ဒုတိယပတ်တွင် စစ်ဆေးပြီးစီးခဲ့မှု၊ SARS-CoV-2 ၏ မျိုးဗီဇတစ်ခုလုံးကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ကာ နိုင်ငံတကာ အသိအမှတ်ပြု (US NCBI/NIH) database တွင် တင်သွင်းပြီး အတည်ပြု  စိစစ်မှုခံယူခဲ့မှု၊ ဓာတ်ခွဲစစ်ဆေးသည့် နမူနာ (၁၀) ခုအနက် (၆) ခုတွင် D614G ဗီဇပြောင်းလဲမှုကို တွေ့ရှိရမှု၊ ထိုသို့ပြောင်းလဲမှုကြောင့် ရောဂါကူးစက်စေနိုင်မှု ဆယ်ဆအထိ ပိုမိုများပြားစေနိုင်မှု၊ ယခုလက်ရှိတွင် ကိုဗစ်-၁၉ ကူးစက်မှုမြင့်မားနေသည့် အိန္ဒိယနိုင်ငံနှင့် ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်း ဖြစ်ပေါ်နေသည့် နိုင်ငံများတွင်လည်း G614 ဗီဇပြောင်းလဲသည့် ပိုးများတွေ့ရှိနေရမှု၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ကောက်ယူထားသည့် ပိုးတွေ့ဓာတ်ခွဲ နမူနာများကို အခြားဓာတ်ခွဲနမူနာများနှင့်အတူ Next Generation Sequencing (NGS) ဖြင့် မျိုးဗီဇတစ်ခုလုံးကို ထပ်မံစစ်ဆေးသွားရန် ဆောင်ရွက်နေမှု၊ ဗီဇပြောင်းမျိုးဗီဇကို အမြန်စစ်ဆေးနိုင်မည့် ဗီဇစစ်ဆေးနည်းကို စတင်ဆောင်ရွက်ကာ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် SARS-CoV-2 ဗိုင်းရပ်စ်ပိုးကို မော်လီကျူးနည်းပညာဖြင့် စောင့်ကြည့်လေ့လာခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားလိုမှုတို့ကို ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ နည်းပညာ မြင့်မားသည့် မျိုးဗီဇတစ်ခုလုံး စစ်ဆေးခြင်းကို နိုင်ငံတကာအဆင့်မီ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့မှုအပေါ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကိုဗစ်-၁၉ ကို ဖြစ်ပွားစေသည့် SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇတစ်ခုလုံးကို စစ်ဆေးနိုင်သည့်အတွက် ရောဂါကူးစက် ပျံ့နှံ့မှုပုံသဏ္ဍာန်၊ အခြားနိုင်ငံများတွင် ဖြစ်ပွားသည့် ရောဂါပိုးနှင့် တူညီမှု ရှိ၊ မရှိ နှင့် ရောဂါပြင်းထန်စေနိုင်မှု ပမာဏတို့ကို သိရှိနိုင်ကာ ရောဂါကာကွယ် ထိန်းချုပ်မှုလုပ်ငန်းများအတွက် များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်ပါကြောင်း၊ ဗီဇပြောင်းမျိုးဗီဇကို အမြန်စစ်ဆေးနိုင်မည့် ဗီဇစစ်ဆေးနည်းကို စတင်ဆောင်ရွက်မည်မှာ ကောင်းမွန်ပါကြောင်း၊ ဆေးသုတေသန ဦးစီးဌာနအနေဖြင့် နိုင်ငံတကာသုတေသန အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ သုတေသနများ ဆက်လက်လုပ်ဆောင် သွားစေလိုပါကြောင်း၊ မိမိတို့နိုင်ငံတွင် နှစ်စဉ်ကာကွယ်ဆေး  အမြောက်အများ ဝယ်ယူအသုံးပြုနေရပါကြောင်း၊ ထိုသို့ဝယ်ယူရာတွင် ယခုအခါ၌ Gavi, the vaccine alliance အဖွဲ့မှ ပံ့ပိုးမှုများရှိနေသော်လည်း အဆိုပါ အထောက်အပံ့များ မရှိတော့ပါက ကုန်ကျစရိတ်များစွာ သုံးစွဲရမည်ဖြစ်သဖြင့် ကာကွယ်ဆေးအမျိုးမျိုးကို မိမိတို့နိုင်ငံတွင် ကိုယ်တိုင်ထုတ်လုပ်ခြင်း (သို့မဟုတ်) အခြားနိုင်ငံတွင်ထုတ်လုပ်ပြီး ကာကွယ်ဆေးကို ပုလင်းသွပ်ခြင်းနှင့် ထုတ်ပိုးခြင်းများ လုပ်ဆောင်နိုင်ပါက ကုန်ကျစရိတ်များစွာ သက်သာကာ ဘဏ္ဍာငွေများကို အခြားကဏ္ဍများတွင် ပိုမိုသုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် ပြုလုပ်သော ကာကွယ်ဆေးနှင့် ပတ်သက်သော အတတ်ပညာရပ် ဆွေးနွေးပွဲများ၊ သင်တန်းများသို့ ဆေးသုတေသန ဦးစီးဌာနမှ ပညာရှင်များအား ဦးစားပေး စေလွှတ်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 

သတင်းစဉ်

 

mdn