မကွေး ၂၄ သြဂုတ်

 

ကိုဗစ်-၁၉ ပြည်တွင်းကူးစက်မှုမှ ကာကွယ်နိုင်ရန် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ဘက်မှ မကွေးတိုင်းသို့ ဝင်ရောက်သည့် ယာဉ်များအားလုံးကို ဝင်ခွင့်ပိတ်ပင်ထားပြီး ကုန်စည်စီးဆင်းမှုအတွက် ကုန်ကားများကိုသာ စစ်ဆေး၍ ဝင်ခွင့်ပြုထားကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က သိရသည်။

 

“ရခိုင်ဘက်ကလာတဲ့ ကုန်ကားတွေကို ကုန်စည်စီးဆင်းမှု အခက်အခဲဖြစ်မှာ စိုးတာကြောင့် ခွင့်ပြုထားပေမယ့် စနစ်တကျ ဆောင်ရွက်နေပါတယ်။ ကျန်းမာရေးနဲ့ အုပ်ချုပ်ရေးရဲ့ ထောက်ခံချက်တွေပါရမယ်။ အဖျားတိုင်းတာ စစ်ဆေးတာတွေလည်း လုပ်ပါမယ်။ စိတ်ချရမှာ ပေးဝင်မှာ ဖြစ်ပါတယ်။ အိမ်စီးကားတွေနဲ့ ဆိုင်ကယ်တွေလည်း ပိတ်ထားပါတယ်။ ကုန်ကားတစ်ခုပဲ ချွင်းချက်အနေနဲ့ ဝင်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်” ဟု မကွေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က ပြောသည်။

 

မကွေး-အမ်း-စစ်တွေ လေကြောင်းလိုင်းနှင့် ကုန်းလမ်းပို့ဆောင်ရေး ယာဉ်လိုင်းများအားလုံးကို သြဂုတ်လ ၂၁ ရက်နေ့မှစ၍ ပိတ်ထားလိုက်ပြီဖြစ်သော်လည်း ရခိုင်နှင့် မကွေးတို့မှ ကုန်ကားများ၏ ဝင်ထွက်မှုကို ထောက်ခံချက်များပါလျှင် ခွင့်ပြုပေးမည်ဖြစ်သည်။

 

“ကုန်ကားတွေမှာ လူပိုပါတာ လက်မခံပါဘူး။ ကုန်ကားမောင်းတဲ့သူနဲ့ စပယ်ယာတွေကို ထောက်ခံချက်တွေပါရင် ရခိုင်ဘက်ကို လွှတ်မှာဖြစ်ပါတယ်။ ရခိုင်ဘက်က ဝင်လာရင်လည်း ဒီအတိုင်းပါပဲ။ အရေးပေါ် ကျန်းမာရေးအခြေအနေကြောင့် ဝင်လာတာမျိုးရှိရင်လည်း ထောက်ခံချက်ပါမှ ရပါမယ်” ဟု ရဲမှူးကြီးလှိုင်တင့်က ပြောသည်။

 

မကွေး-ရခိုင်နယ်စပ်မှ ဝင်လာသည့် လမ်းတစ်လျှောက်တွင် စစ်ဆေးရေးဂိတ် (၃)ခုရှိပြီး နယ်မြေခံရဲတပ်ဖွဲ့၊ သစ်တောရဲ၊ မူးယစ်ရဲ၊ လဝကနှင့် အကောက်ခွန် ဝန်ထမ်းများရှိသည့် ပဒါန်းပူးပေါင်းစစ်ဆေးရေးဂိတ်မှ အဓိကထား၍ ကြပ်မတ်စစ်ဆေးနေကြောင်း မကွေးတိုင်းရဲတပ်ဖွဲ့က သိရှိရသည်။

 

ဇေယျတု(မကွေး)

 

mdn