မကွေး ၂၄ သြဂုတ်

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲ မတိုင်မီကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲလွန်ကာလ စသည့် ကာလ(၃)ခုတွင် မကွေးတိုင်း၌ လုံခြုံရေးအင်အား နှစ်သောင်းခန့် အသုံးပြုသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့က သိရသည်။

 

mdn

 

မဲရုံတစ်ရုံလျှင် တစ်ဦးနှုန်းဖြင့် မဲရုံများ၌ အထူးရဲ ၄၅၂၄ ဦး၊ အကြောင်းပေါ်လာလျှင် အသုံးပြုနိုင်ရန် အရံရဲ ၁၂၀၊ ဇုန်တစ်ခုလျှင် တပ်ဖွဲ့ဝင် ၁၀ ဦးနှုန်းဖြင့် လုံခြုံရေးဇုန် (၁၉၉)ဇုန်အတွက် ၁၉၉၀ နှင့် အရံမီးသတ် တပ်ဖွဲ့ဝင်ဦးရေ ၁၃၀ဝ၀ ကျော်တို့ကို ရွေးကောက်ပွဲလုံခြုံရေးအတွက် အသုံးပြုသွားမည် ဖြစ်သည်။

 

“ရွေးကောက်ပွဲမှာ လုံခြုံရေးကျိုးပေါက်လို့မရပါဘူး။ ပါတီတွေများတယ်။ ပြိုင်ဆိုင်မှုတွေ ဖြစ်လာနိုင်တယ်။ မထင်မှတ်တဲ့ အကြောင်းမျိုးစုံ ဖြစ်လာနိုင်တယ်။ ဒီအတွက် ကြိုတင်စီမံချက်တွေ ရေးဆွဲထားတဲ့အတိုင်း လုပ်ဆောင်နေပါတယ်။ ဆက်သွယ်ရေးတွေ မပြတ်တောက်အောင်လည်း ကြိုပြင်ထားပါတယ်” ဟု မကွေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က ပြောသည်။

 

မဲရုံနှင့် ကိုက်(၅၀ဝ)အတွင်းတွင် တစ်လတိတိ လေ့ကျင့်ပေးထားသော အထူးရဲများ၊ ကိုက်(၅၀ဝ) ပြင်ပတွင် ဇုန်တာဝန်ရဲတပ်ဖွဲ့များ ချထားမည်ဖြစ်ကြောင်း၊ မဲရုံသို့လာသည့် ပြည်သူများကို မဲမပေးနိုင်အောင် နှောင့်ယှက်ခြင်းများ မရှိစေရန် ရပ်ကင်း၊ လှည့်ကင်းများ ချထားမည်ဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

၂၀၁၅ ရွေးကောက်ပွဲကျင်းပစဉ်က မဲရုံပတ်ဝန်းကျင်တွင် ဆူညံခြင်း၊ မူးယစ်ခြင်း၊ အသံချဲ့စက်ဖွင့်ခြင်း ဖြစ်စဉ်များကြောင့် အမှု(၁၂)မှု၊ ရွေးကောက်ပွဲဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ မကျေနပ်ချက် ဆိုင်ရာ အမှု(၃၃)မှု စုစုပေါင်းအမှု (၄၅)မှု ဖြစ်ပွားခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အလေးထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့က သိရှိရသည်။

 

ဇေယျတု(မကွေး)