ပဲခူး ၂၄ ဩဂုတ်
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဩဂုတ် ၂၃ ရက် နံနက် ၉ နာရီက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်နှင့် ညောင်ကျိုးကျေးရွာတွင် COVID-19 ကာကွယ် ထိန်းချုပ်ရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်ကျိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ပဲခူးတိုင်းဒေသကြီးနှင့် ထိစပ်လျက်ရှိသည့် ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါ တစ်ကျော့ပြန် ဖြစ်ပွားနေသဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန် အတွက် COVID-19 ကာကွယ်ထိန်းချုပ်ရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်မှု အခြေအနေနှင့်ပတ်သက်၍ ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးရာ ပန်းတောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းက နယ်မြေဒေသအခြေအနေနှင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးစခန်း ဖွင့်လှစ်ဆောင်ရွက်ထားရှိမှုကို လည်းကောင်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်မှ ကျန်းမာရေးဌာနမှ COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်မိုးက လုံခြုံရေးဆောင်ရွက်ပေးမှု အခြေအနေများကိုလည်းကောင်း၊ ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဉာဏ်ဇော်က တင်ပြချက်များအပေါ် ဖြည့်စွက်၍ လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်မှ ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်မှ ညောင်ကျိုးကျေးရွာ COVID-19 ကာကွယ် ထိန်းချုပ်ရေးစခန်းတွင် တာဝန်ထမ်းဆောင်နေသူများအတွက် PPE ဝတ်စုံများ၊ လက်သန့်ဆေးရည်ဘူးများနှင့် နှာခေါင်းစည်းများ ပေးအပ်ခဲ့ပြီး စစ်ဆေးရေးစခန်းတွင် ပိတ်မိနေသည့် ယာဉ်မောင်းနှင့် ပြည်သူများအား တွေ့ဆုံ၍ လတ်တလောဖြစ်ပွားနေသည့် COVID-19 ရောဂါ အခြေအနေအား ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် တောင်မြေများပြိုကျမှု ဖြစ်ပွားခဲ့သော ညောင်ကျိုး ကျေးလက်ကျန်းမာရေးဌာန စံကိုက်အဆောက်အဦ ဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်(နဝဒေး)-တောင်ကုတ်လမ်း မိုင်(၂၁/၇) ဥသျှစ်ပင်လမ်းဆုံအနီးတွင် COVID-19 ကာကွယ်ရေးအတွက် စစ်ဆေးစခန်းဖွင့်လှစ်ရန် အဆောက်အဦ တည်ဆောက်နေမှု အခြေအနေများအား ကြည့်ရှုပြီး ပြည်မြို့အထွေထွေရောဂါဆေးရုံကြီးတွင် COVID-19 ရောဂါ ဓာတ်ခွဲစမ်းသပ် စစ်ဆေးစက် တပ်ဆင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ စောင့်ကြည့်လူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အရေးကြီးလူနာများ ရောက်ရှိပါက ကုသပေးနိုင်ရေး စီစဉ်ထားရှိမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုခဲ့ရာ တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာရဲအောင်ထွန်း၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်ထားနှစ်၊ ပြည်မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကေခိုင်ဝင်းနှင့် အထူးကုဆရာဝန်ကြီးများမှ ရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


