မကွေး ၂၄ ဩဂုတ်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် မြို့သစ်မြို့နယ်အတွင်း ကျေးရွာ(၁၀)ရွာ၌ Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဇူလိုင်လ စတုတ္ထအပတ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၇၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
မြို့သစ်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် Cash for Work စီမံကိန်းဖြင့် မြို့နယ်အတွင်းရှိ လယ်ကြီးကိုင်း၊ သစ်တဗွေ၊ စာရပေ(ရှေ့)၊ မွှန်းညောင်ပင်သာ၊ အင်ပင်လှ၊ ဒဂုံမှော်၊ ထောက်မ၊ ဇောင်းတန်းလေး၊ မြောက်မီးကုန်း၊ သပြေစမ်း စသည့် ကျေးရွာ(၁၀)ရွာတွင် ကျေးရွာ တစ်ရွာလျှင် Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၀ဝ)ဖြင့် ကျေးရွာအဝင်နှင့် ကျေးရွာတွင်း ကျောက်ရောမြေလမ်းခင်းခြင်းနှင့် လမ်းပြုပြင်ခြင်းလုပ်ငန်း (၁၀)ခု၊ ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန် (၇)ခု၊ စာသင်ကျောင်းဆောင် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း (၁)ခု၊ ဘောလုံးကွင်း ပြုပြင်ခြင်းလုပ်ငန်း (၁)ခု စုစုပေါင်းလုပ်ငန်း (၁၉)ခုအား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ လက်ရှိမှာတော့ လုပ်ငန်းအားလုံး၏ ၇၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြို့သစ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဝင်း ပြောပြချက် အရ သိရသည်။
“ကျွန်တော်တို့ ဦးစီးဌာနအနေနဲ့တော့ Cash for Work စီမံကိန်းကို နိုင်ငံတော်၏ COVID-19 Economic Relif Plan (CERP) အရ ကျေးလက်နေပြည်သူတွေ COVID-19 ရောဂါကာလအတွင်း လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်းသက်သာစေဖို့နဲ့ ဝင်ငွေရရှိစေဖို့ မြို့နယ်အတွင်းက ကျေးရွာ ၁၀ ရွာမှာ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ လုပ်ငန်းဆောင်ရွက်တဲ့ ကျေးရွာတွေမှာ COVID-19 ရောဂါကာလအတွင်း နိုင်ငံခြားမှ အလုပ်မလုပ်နိုင်တော့လို့ ရွာပြန်လာတဲ့သူတွေ၊ ရပ်ဝေးဒေသတွေမှာ အလုပ်အကိုင် မကောင်းမွန်တာကြောင့် ပြန်လာကြသူတွေ၊ ကျေးရွာရှိ အလုပ်အကိုင်မဲ့နေသူတွေကို စီမံကိန်းလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်စေပြီး ဝင်ငွေရရှိစေတာ ဖြစ်တယ်” လို့ မြို့နယ်ဦးစီးမှူးက ဆက်လက်ပြောပြသည်။
Cash for Work စီမံကိန်းသည် ကိုဗစ်ကာလအတွင်း နိုင်ငံတော်၏ အရေးပေါ်တုံ့ပြန်ရေး အစီအစဉ် တစ်ခုဖြစ်ပြီး COVID-19 စီးပွားရေး ကုစားမှုအစီအစဉ်ကို အထောက်အကူပြုခြင်း၊ ပြည်သူများ ချက်ချင်းဝင်ငွေရရှိခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာခြင်းတို့ကို အထောက်အကူပြုမည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)


