ဂျီနီဗာ ၂၄ ဩဂုတ်

 

ကမ္ဘာ့နိုင်ငံများရှိ အသက် ၁၂ နှစ်နှင့်အထက် ကလေးငယ်များအနေဖြင့် နှာခေါင်းစည်း ဝတ်ဆင်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လမ်းညွှန်ချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

ကလေးငယ်များ ကိုရိုနာဗိုင်းရပ်စ် မည်သို့ကူးစက်သည်နှင့် စပ်လျဉ်း၍ သိရှိသူနည်းပါးကြောင်း၊ သို့ရာတွင် ဆယ်ကျော်သက်အရွယ်များသည်လည်း အရွယ်ရောက်ပြီးသူများကဲ့သို့ တူညီသောနည်းလမ်းများဖြင့် ကူးစက်မှုများ ရှိနိုင်ကြောင်း၊ အသက်ငါးနှစ်နှင့်အောက် ကလေးငယ်များမှာမူ ပုံမှန်အခြေအနေတွင် နှာခေါင်းစည်းမဝတ်ဆင်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားခဲ့သည်။

 

ကူးစက်ခံရသူ အရေအတွက်သည် ၂၃ သန်းကျော် ရှိသွားပြီဖြစ်ကြောင်းနှင့် အမေရိကန်၊ ဘရာဇီးနှင့် အိန္ဒိယနိုင်ငံတို့မှာ ကူးစက်သေဆုံးမှုအများဆုံးနိုင်ငံများ ဖြစ်ကြောင်းလည်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ပြောကြားချက်အရ သိရသည်။ တောင်ကိုရီးယားနိုင်ငံ၊ လက်ဘနွန်နိုင်ငံနှင့် ဥရောပနိုင်ငံများတွင်မူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် နောက်တစ်ကြိမ် မြင့်တက်လာလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ မြင့်တက်နေသော်လည်း ကိုဗစ်-၁၉ ရောဂါသည် နှစ်နှစ်အတွင်း ပြီးဆုံးသွားလိမ့်မည်ဟု မျှော်လင့်ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ ဂီဘရီယိုးဆပ်က ပြောကြားခဲ့သည်။

 

ကိုးကား- ဘီဘီစီ

ဘာသာပြန်- အလင်းသစ်