ဇလွန် ၂၄ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများသည် ဇလွန်မြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် နေအိမ်ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းတည့် ၁၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ထောက်ပံ့ငွေပေးအပ်ရသည့် အကြောင်းနှင့်ပတ်သတ်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကြာအင်းကျေးရွာအုပ်စုနှင့် ညောင်ပင်သာကျေးရွာအုပ်စုတို့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် နေအိမ်ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စု (၃၃)စုအတွက် အိမ်ထောင်စု (၁)စုလျှင် ကျပ် ၅၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၆၅၀၀၀၀ နှင့် အိမ်ထောင်စု (၁)စုလျှင် ပေ ၂၀၊ ပေ ၄၀ ရှိ တာပေါ်လင်မိုးကာစ (၁) စ၊ အိမ်ထောင်စု (၃၃)စုအတွက် စုစုပေါင်း တာပေါ်လင်မိုးကာစ (၃၃) စ ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် နေအိမ်ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စုများကိုယ်စား ကိုယ်စားလှယ်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဝေယံ (ဇလွန် ပြန်/ဆက်)


