နယူးဒေလီ ၂၄ ဩဂုတ်
အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမှာ သုံးသန်းကျော်ရှိလာသည်ဟု သိရသည်။
တိုင်းပြည်အတွင်း နေ့စဉ်ကူးစက်မှုနှုန်းမှာ ၇၀၀၀၀ နီးပါးရှိနေသည်။ ဩဂုတ် ၂၃ ရက်တွင် နောက်ထပ် ကူးစက်ခံရသူ ၆၉၀၀၀ ထပ်မံတွေ့ရှိခဲ့သည်ဟု အစိုးရအတည်ပြုထားရာ စုစုပေါင်းကူးစက်ခံရသူမှာ ၃၀၄၄၀၀၀ ရှိသည်။
အိန္ဒိယနိုင်ငံသည် အမေရိကန်နှင့် ဘရာဇီးတို့ပြီးလျှင် တတိယမြောက် ကူးစက်မှုအမြင့်ဆုံးနိုင်ငံဖြစ်ပြီး ကူးစက်ခံရသူပေါင်း သုံးသန်းကျော်ရှိသည်။ အိန္ဒိယနိုင်ငံ၏ နေ့စဉ်ကူးစက်မှုနှုန်းမှာ အမေရိကန်ထက်ပင် များပြားကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်က ပြောသည်။ သေဆုံးသူ ဦးရေမှာမူ ၅၆၀၀၀ ရှိလာပြီဖြစ်သည်။ အိန္ဒိယအစိုးရသည် ခရီးသွားလာမှုနှင့် စီးပွားရေးလုပ်ငန်းများအပေါ် ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့ပြီးဖြစ်သည်။
နယူးဒေလီမြို့သည် ကူးစက်မှု ဗဟိုချက်မနေရာအဖြစ် ရှိနေဆဲဖြစ်သည်။ သို့သော်လည်း အခြားသော ဒေသတွင်းမြို့များ၊ အထူးသဖြင့် တောင်ပိုင်းပြည်နယ်များမှ မြို့များတွင် ကူးစက်မှုများ မြင့်တက်နေသည်။
အောက်တိုဘာလအထိ ကူးစက်မှုများ မြင့်တက်နေဦးမည်ဟုလည်း ကျွမ်းကျင်သူအချို့က သတိပေးထားသည်။ အချို့သော ပြည်နယ်များတွင်မူ လူများ၏ သွားလာလှုပ်ရှားမှုနှင့် ပတ်သက်ပြီး ကန့်သတ်ချက်များ ပြန်လည်ချမှတ်လာသည်ကို တွေ့ရသည်။
အင်န်အိတ်ချ်ကေ