ဝါရှင်တန် ၂၄ ဩဂုတ်

အမေရိကန်နိုင်ငံတွင် ဩဂုတ် ၂ ရက်က ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၆၇၅၄ ဦးရှိသည့်အတွက် နေ့စဉ်ကူးစက်မှုနှုန်း ၅၀ဝ၀ဝ အောက်ကျဆင်းလာသည်မှာ ခုနစ်ရက်ဆက်တိုက်ရှိပြီဟု ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာက အစီရင်ခံထားသည်။

ဇူလိုင်လမှစတင်ကာ နွေရာသီခရီးသွားကာလပြီးနောက် ကူးစက်မှုတစ်ဟုန်ထိုးမြင့်တက်လာရာ နေ့စဉ် ကူးစက်မှုနှုန်းလျော့ကျလာခြင်းမှာ ယခုတစ်ကြိမ်သည် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းလေးပတ်တာ ကာလအတွင်း တိုးတက်မှုများရှိလာသည်ဟု ယူဆရကြောင်း ရှေ့ဆက်ပြီးလည်း အလားအလာကောင်းမည်ဟု မျှော်လင့်ရကြောင်း ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာမှ ညွှန်ကြားရေးမှူး ရေဘတ်ရက်ဖီးက ဩဂုတ် ၂၁ ရက်က ပြောသည်။

ဆေးစစ်မှုများ တိုးမြှင့်လုပ်ဆောင်ပေးလျက်ရှိပြီး အမေရိကန်တစ်လွှား ကိုဗစ်-၁၉ တွေ့ရှိမှု လျော့ကျလာခြင်းမှာဖြစ်နိုင်ကြောင်း အစီရင်ခံတင်ပြထားသည်။ ဆေးရုံတွင် တက်ရောက်ကုသရမှုနှုန်းမှာလည်း ကျဆင်းလာသည်မှာ သုံးပတ်ဆက်တိုက် ရှိလာပြီဖြစ်သည်။

သို့သော်လည်း သေဆုံးမှုနှုန်းမှာမူ တစ်နေ့လျှင် ၁၀၀၀ အထက်တွင် ရှိနေဆဲဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြည့်လျှင် ဇူလိုင် ၂၃ ရက် ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်နေချိန်မှစ၍ ဆေးရုံတက်ရောက်ကုသရမှုနှုန်းမှာ ၂၇ ရာခိုင်နှုန်းကျဆင်းလာသည်ဟု သိရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ကြည့်လျှင် တိုးတက်မှုရှိလာသော်လည်း ကျွမ်းကျင်သူများကမူ စိုးရိမ်နေကြဆဲဖြစ်သည်။ ကူးစက်မှုနှုန်းမြင့်နေသည့် ပြည်နယ် ၁၀ ခု ကျော်အထက် ရှိနေသည်။

အမေရိကန်တွင်ကျောင်းများ၊ တက္ကသိုလ်များ ပြန်ဖွင့်ရန် သင့်မသင့် အငြင်းပွားနေစဉ် ကူးစက်မှုလျော့ကျလာခြင်း ဖြစ်သည်။ သို့သော်လည်း တက္ကသိုလ်ဝန်းကျင်တွင် ကိုဗစ်-၁၉ ကူးစက်မှုရှိနေသည်ဟု အကြောင်းကြားသည့် ပြည်နယ်များလည်း ရှိနေသည်။

အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ကူးစက်မှုမှာ ဩဂုတ် ၂ ရက်က ၅ ဒသမ ၆၆ သန်းရှိပြီး သေဆုံးသူမှာ ၁၇၆၃၀၀ ရှိလာသည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်၏ အချက်အလက်များအရ သိရသည်။

ဆင်ဟွာ