ရန်ကုန် ၂၄ သြဂုတ်
ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေအရ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေး ကော်မတီများတွင်ပါဝင်သည့် နိုင်ငံ့ဝန်ထမ်း မဟုတ်သော ကော်မတီအဖွဲ့ဝင်များမှ လုပ်ငန်းတာဝန်များ ထမ်းဆောင်ခြင်းအတွက် လစဉ်ချီးမြှင့်ငွေနှင့် စရိတ်ချီးမြှင့်နိုင်ရေးကိစ္စနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ပြည်လမ်းရှိ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အမျိုးသားပြတိုက်(ရန်ကုန်)၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ဥပဒေပညာရှင်များ၊ ကမ္ဘာ့အမွေအနှစ်ဒေသများဖြစ်ကြသည့် ပုဂံ၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာမြို့ဟောင်းများတည်ရှိရာ တိုင်းဒေသကြီးများ ဖြစ်ကြသည့် မကွေး၊ စစ်ကိုင်း၊ မန္တလေးနှင့် ပဲခူးတိုင်းဒေသကြီးယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီတို့မှ ကော်မတီဝင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးကြသည်။
ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေကို ၂၀၁၉ ခုနှစ်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီးဖြစ်ရာ အဆိုပါဥပဒေပါပြဌာန်းချက်များနှင့်အညီ ကမ္ဘာ့အမွေအနှစ်နှင့် အမျိုးသားအဆင့် ယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီကို ဆက်စပ်ဝန်ကြီးဌာနများမှ နိုင်ငံ့ ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် ကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ပြီး၊ ယင်းကော်မတီဝင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်လုပ်ဆောင်ရမည့် အချက်များနှင့် လုပ်ပိုင်ခွင့်များကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ စီမံဆောင်ရွက် နိုင်စေရန် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန်အတွက် ယခုကဲ့သို့ အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးကျော်စိန်က ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေနှင့် ပုဂံဒေသအတွက် ထုတ်ပြန်မည့် အမိန့်များနှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါဆွေးနွေးပွဲကို သြဂုတ် ၂၅ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း-ရီရီမြင့်


