နေပြည်တော် ၂၄ ဩဂုတ်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုကြီး ဦးအုန်းမောင်သည် ဩဂုတ် ၂၂ ရက် ညနေပိုင်းတွင် ခရီးသွားလုပ်ငန်းပင်မစီမံကိန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း (၁၁)သင်းမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများအား ရန်ကုန်မြို့ Happy Restaurant ၌ အလွတ်သဘော တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ အလွန်တွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည် ဦးမော့လာစေရန် ပြင်ဆင်ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ခရီးစဉ်ဒေသအသစ်များ ဖော်ဆောင်ရေးနှင့် သန့်ရှင်းသာယာလှပပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးစဉ်ဒေသများဖြစ်အောင် သက်ဆိုင်ရာ ခရီးစဉ်ဒေသများတွင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးကော်မတီ (Destination Management Organization-DMO) များလိုအပ်သလို ဖွဲ့စည်းဆောင်ရွက်နေမှုများ၊ လူထုအခြေပြုခရီးသွားလုပ်ငန်း၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွန့်စားအားကစားခရီးသွားလုပ်ငန်း (Sport Adventure Tourism) များအတွက် SOP များ ရေးဆွဲဆောင်ရွက်နေမှုများနှင့် Digital Marketing ကိုအသုံးပြု၍ ခရီးသွားမြှင့်တင်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးတင်လတ်က ယခု မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပင်မစီမံကိန်း (၂၀၂၁-၂၀၂၅)ကို ယခင်ဆောင်ရွက်ခဲ့သည့် (၂၀၁၃-၂၀၂၀) ပင်မစီမံကိန်းမှ အချက်အလက်များနှင့် Myanmar Sustainable Development Plan (MSDP) ကိုအခြေခံ၍ ၅ နှစ်စာ စီမံကိန်းအဖြစ် ရေးဆွဲနေပါကြောင်း၊ ခရီးသွားလုပ်ငန်း ပင်မစီမံကိန်းကို လိုအပ်လျှင် Upgrade ပြုလုပ်နိုင်အောင် ရေးဆွဲလျက်ရှိပြီး၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းများအနေဖြင့် လိုအပ်သည်များကို ပြင်ဆင်ဖြည့်စွက်၍ ဝိုင်းဝန်းအတည်ပြုပေး ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန လေ့ကျင့်ရေးနှင့် ပညာပေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူးက စီမံကိန်းပါ အချက်အလက်များကို အသေးစိတ်ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြင်ဆင်ဖြည့်စွက်လိုသည်များကို အကြံပြုဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


