နေပြည်တော် ၂၄ ဩဂုတ်
ဩဂုတ်(၂၂)ရက်တွင် သံလွင်မြစ်ရေမြင့်တက်၍ မြစ်ရေဝင်ရောက်မှုကြောင့် ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ (၄)ခုတို့မှ အိမ်ထောင်စု (၁၆၄)စု၊ လူဦးရေ(၆၆၃)ဦးတို့သည် ဩဂုတ် ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ရေဘေးရှောင်နေရာ (၈)ခုနှင့် ဆွေမျိုးနေအိမ်များသို့ ပြောင်းရွှေ့ နေထိုင်လျက်ရှိသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးတွင် ချင်းတွင်းမြစ်ရေလျှံတက်ပြီး မြစ်ရေများ ဝင်ရောက်မှုကြောင့် မော်လိုက်၊ ဆားလင်းကြီး၊ မင်းကင်းနှင့် ကနီမြို့နယ်တို့ရှိ ရပ်ကွက်/ ကျေးရွာ(၁၅)ခုတို့မှ အိမ်ထောင်စု (၁၀၆)စု၊ လူဦးရေ (၅၃၂)ဦးတို့သည် ဩဂုတ် ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ရေဘေးရှောင်နေရာ(၃)ခုနှင့် ရေလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး၊ ယင်းမာပင်ခရိုင် ဦးစီးမှူးရုံးနှင့် ကနီမြို့နယ် ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် ဘေးသင့်နေရာများသို့ သွားရောက်၍ ဆန်ရိက္ခာဖိုးစုစုပေါင်း ငွေကျပ် ၁,၈၁၆,၅၀ဝ နှင့် Mask၊ ဆပ်ပြာများအား ယနေ့တွင်ထောက်ပံ့ပေးခဲ့ပြီး ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


