နေပြည်တော် ၂၄   သြဂုတ်

ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင် မီးသတ်စခန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ရှေးဦးစွာ ခရိုင်မီးသတ်စခန်းလေ့ကျင့်ရေးကွင်း၌ တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခြင်း၊ ခရိုင်မီးသတ်စခန်းရှိ မီးသတ်ယာဉ်များအား စစ်ဆေးခြင်း၊ တပ်ဖွဲ့ဝင်များ၏ မီးသတ်စွမ်းရည်ပြသခြင်းနှင့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဝယ်ယူထားသည့် မီးသတ်ယာဉ် ၁၅ စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် ၂ စီး၊ သူနာတင်ယာဉ် ၂ စီး စုစုပေါင်း ၁၉ စီး တို့၏ စွမ်းဆောင်ရည်ပြသခြင်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ခရိုင်မီးသတ်အစည်းအဝေးခန်းမ၌ ပြည်နယ်မီးသတ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးတင်မင်းက လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး ပြခန်း၌ခင်းကျင်းပြသထားသည့် ခေတ်မီမီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)