နေပြည်တော် ၂၄ ဩဂုတ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ မိုတဲဂိ တိုရှိမိစု ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့်ဂျပန်နိုင်ငံတို့သည် ဆက်ဆံရေးကောင်းမွန်လျက်ရှိပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ COVID-19 ရောဂါနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization - WHO) ၏ ညွှန်ကြားချက်များနှင့်အညီ အလေးအနက်ထား ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ယခုလအစောပိုင်းမှစ၍ ရခိုင်ပြည်နယ်အတွင်း ရောဂါကူးစက်မှုနှုန်း များပြားလာသည့်အတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ ဝိုင်းဝန်း ဖြေရှင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာတစ်ဝန်းတွင် စီးပွားရေးအရ ရိုက်ခတ်မှုများစွာရှိခဲ့ပြီး အခြားလိုအပ်ချက် များစွာရှိသော်လည်း စားရေးသည် နေ့စဉ်လိုအပ်ချက်ဖြစ်သည့်အတွက် စားနပ်ရိက္ခာဖူလုံရေးကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည့် အခြေအနေများ၊ ဂျပန်နိုင်ငံအနေဖြင့် ဆေးနှင့်ဆေးပစ္စည်းများ၊ အသေးစား စက်မှုလက်မှု လုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးခဲ့သည့် အခြေအနေများ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် တရားဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး တာဝန် ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကာကွယ်ရေး စိတ်ဓာတ်ကိုလည်း ထိခိုက်မှုမရှိအောင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တပ်မတော်အနေဖြင့် (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်လျင်မြန် ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် နိုင်ငံတကာစံနှုန်းအတိုင်း နိုင်ငံတော်က အကြမ်းဖက်ဟု သတ်မှတ် ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ ထပ်မံ တိုးမြှင့်ရပ်ဆိုင်းပေးသွားမည့် အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေးဆိုင်ရာကိစ္စရပ်များနှင့် ရွေးကောက်ပွဲ ကျင်းပပြုလုပ်နေမှုများကို ဂျပန်နိုင်ငံမှ လေ့လာရေးအဖွဲ့ဖြင့် လာရောက်လေ့လာမည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။
(သတင်းစဉ်)


