ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်

(၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက်)

(၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၄ ရက်)

 

၁။    မြန်မာနိုင်ငံတွင် Coronavirus Disease 2019(COVID-19)  ရောဂါကာကွယ်၊  ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်လျင်မြန်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် တပ်မတော်အနေဖြင့် နိုင်ငံတကာစံနှုန်းအတိုင်း နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက် အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ မေလ (၁၀) ရက်မှ ဩဂုတ်လ (၃၁) ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားကြောင်းနှင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို နိုင်ငံ့အရေး၊ အမျိုးသားရေးအဖြစ် အင်တိုက်အားတိုက် ထိထိရောက်ရောက် ဆက်လက်ပါဝင်ကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ မေလ ၉ ရက်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

၂။    ကမ္ဘာအနှံ့တွင် COVID-19 ကမ္ဘာ့ကပ်ရောဂါနှင့် ရင်ဆိုင်နေရသောကြောင့် ကမ္ဘာတစ်ဝန်း လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ပေးကြရန် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် Antonio Guterres က ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်နေ့တွင် တိုက်တွန်း ပြောကြားခဲ့ပြီး ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ Appeal for Global Ceasefire ကို ထုတ်ပြန်ခဲ့ပါသည်။  ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ Appeal for Global Ceasefire ကို ထောက်ခံသည့်အနေဖြင့် COVID-19 ရောဂါကာလအတွင်း လူသားချင်းစာနာထောက်ထားမှု အကူညီများပေးနိုင်ရန်အတွက် လက်နက်ကိုင်ပဋိပက္ခတွင် သက်ဆိုင်သူများ အားလုံးအနေဖြင့် အနည်းဆုံးရက် ၉၀ ကြာ အပစ်အခတ်ရပ်စဲရန်နှင့် COVID-19 ရောဂါတုံ့ပြန်ရေး အကူအညီပေးရန် အပါအဝင် ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ပါသည်။ မိမိတို့နိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ကာ နိုင်ငံတကာ ကျင့်ဝတ်များနှင့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အပေါ် လိုက်နာရန်တာဝန်ရှိပြီး အခြားနိုင်ငံများနည်းတူ လိုက်နာကျင့်သုံးလျက်ရှိပါသည်။

၃။    ထို့အပြင် တပ်မတော်အနေဖြင့်လည်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို နိုင်ငံ့အရေး၊ အမျိုးသားရေးတာဝန်အဖြစ် အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို ဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်အနေဖြင့် နိုင်ငံတကာ စံနှုန်းအတိုင်း နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက် အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ တိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာအပ်ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး