မန္တလေး ၂၄ သြဂုတ်

မသန်စွမ်းများ မဲပေးရာတွင် အဆင်ပြေစေရန် မန္တလေးတိုင်းအတွင်း စံပြမဲရုံများ ဆောက်လုပ်ပေးရန် စီစဉ်ထားရှိကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်(အဖွဲ့ခွဲ) အတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။

"မသန်စွမ်းတွေရှိတဲ့ နေရာတွေမှာ စံပြမဲရုံတွေလည်း စီစဉ်ထားတာ ရှိပါတယ်။ မသန်စွမ်းမရှိဘဲ စံပြမဲရုံ စီစဉ်ရင် သူတို့အတွက်လည်း အကျိုးမရှိဘူး။ ဒါမျိုး မဖြစ်ချင်တဲ့အတွက် ဘယ်မြို့နယ်၊ ဘယ်ရပ်ကွက်မှာ မသန်စွမ်း ပိုများလဲ။ များတဲ့နေရာမှာ စံပြမဲရုံ ထားဖို့ကြိုးစားမယ်" ဟု ဦးကျော်ကျော်စိုးက ပြောသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ မန္တလေးတိုင်းအတွင်း ပါဝင်မဲပေးမည့် မသန်စွမ်း မဲဆန္ဒရှင် အရေအတွက်မှာ  ၉၀၀၀ ကျော်ရှိကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်(အဖွဲ့ခွဲ)၏ ပထမအကြိမ် ထုတ်ပြန်မှုစာရင်းအရ  သိရသည်။

မန္တလေးတိုင်းအတွင်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်  ဆန္ဒမဲပေးနိုင်မည့် မသန်စွမ်း အရေအတွက်မှာ အမျိုးသား ၄၂၈၂ ဦး၊ အမျိုးသမီး ၄၈၇၁ ဦးရှိကြောင်း သိရသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မဲလာပေးခဲ့သည့် မသန်စွမ်း မဲဆန္ဒရှင် အရေအတွက်သည် ၁၀၀၀ ဦးအောက်သာရှိခဲ့ကြောင်းနှင့် လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး၌ မသန်စွမ်း မဲဆန္ဒရှင် အရေအတွက်မှာ တစ်သိန်းကျော် ရှိကြောင်း ရွှေမင်းသား ဖောင်ဒေးရှင်းက သိရသည်။

ဖြိုးအိ