ပေကျင်း ၂၄ သြဂုတ်
တရုတ်နိုင်ငံက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထုတ်လုပ်ပြီး အသုံးပြုပါက မဲခေါင် ဒေသနိုင်ငံများအတွက် ဦးစားပေးထောက်ပံ့မည်ဟု တရုတ်ဝန်ကြီးချုပ် လီခချန်းက ယနေ့ ပြောကြားလိုက်သည်။
ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပသည့် တတိယအကြိမ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်စဉ် ဝန်ကြီးချုပ်လီခချန်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ မူဘောင်အရ ပြည်သူများ၏ကျန်းမာရေးမြှင့်တင်ပေးရန် တရုတ်နိုင်ငံက အထူးရန်ပုံငွေများ ထူထောင်မည်ဖြစ်ပြီး မဲခေါင်ဒေသနိုင်ငံများသို့ ကပ်ရောဂါ တိုက်ဖျက်ရေးပစ္စည်းကိရိယာများနှင့် နည်းပညာပံ့ပိုးမှု ဆက်လက်ပြုလုပ်မည်ဟု ၎င်းကဆိုသည်။
လက်တွဲဆောင်ရွက်လို
ကမ္ဘာ့နိုင်ငံများ၏ ကပ်ရောဂါတိုက်ဖျက်မှုတွင် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံက ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း၏ ဆောင်ရွက်မှုကို ပံ့ပိုးရန် မဲခေါင်ဒေသနိုင်ငံများနှင့် လက်တွဲဆောင်ရွက်လိုသော ဆန္ဒရှိပါကြောင်း လီခချန်းက ပြောသည်။
၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံက စတင်ခဲ့သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) အဖွဲ့သည် တရုတ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြင့် ဖွဲ့စည်းထားသည်။
လန်ချန်းမြစ်မှာ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွင်ဟိုင်း-တိဘက် ကုန်းပြင်မြင့်ဒေသတွင် အစပြုစီးဆင်းသည်။ ပင်လယ်တွင်းသို့ မရောက်ရှိမီ ငါးနိုင်ငံကို ဖြတ်သန်းစီးဆင်းသည့် အဆိုပါမြစ်ကို မဲခေါင်မြစ်ဟု ခေါ်ဆိုကြသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-ကျော်ထိုက်စိုး