တီဟီရန် ၂၅ ဩဂုတ်
ပစ်ချခံရသော ယူကရိန်းလေယာဉ်၏ ပျံသန်းမှုမှတ်တမ်းများအရ လေယာဉ်သည် ဒုံးကျည်ဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု အီရန်က ဩဂုတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။ အီရန် လေကြောင်းအာဏာပိုင်အဖွဲ့ အကြီးအကဲ တိုရီဒီဟာဇန် အနေဖြင့် ပျံသန်းမှုမှတ်တမ်းအား ဇူလိုင်လအတွင်း ပြင်သစ်သို့ ပေးပို့စစ်ဆေးပြီးနောက် ယခုအချိန်တွင် ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်သည်။ တီဟီရန်က ဇန်နဝါရီလအတွင်း ယူကရိန်းလေယာဉ်အား မတော်တဆ ပစ်ချခဲ့ကြောင်း ပြောကြားခဲ့သည်။ လေယာဉ်ပေါ်ရှိ ခရီးသည် ၁၇၆ ဦး သေဆုံးခဲ့သည်။
ပထမဒုံးကျည်လေယာဉ်ကို ထိမှန်ပြီးသည့်အချိန်အထိ ခရီးသည်များ၏ စကားပြောသံများကို ကြားရကြောင်း လေကြောင်းအာဏာပိုင်အဖွဲ့အကြီးအကဲ တိုရီဒီဟာဇန်ကပြောကြားသည်။ လေယာဉ်မှူးများနှင့် လေယာဉ်အမှုထမ်းများအနေဖြင့် နောက်ဆုံးအချိန်အထိ လေယာဉ်ကို ထိန်းသိမ်းရန် ဆောင်ရွက်ခဲ့သည်ဟု၎င်းကပြောကြားသည်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ယူကရိန်း လေယာဉ်ကို ဇန်နဝါရီ ၈ ရက်တွင် ပစ်ချခဲ့သည်။ အီရန်အား ယူကရိန်းလေယာဉ်ပစ်ချခံရမှုအတွက် စစ်ဆေးဆောင်ရွက်ရန် ယူကရိန်း၊ ကနေဒါနှင့် အခြားနိုင်ငံများက ပြောကြားခဲ့သည်။
ကနေဒါနိုင်ငံအနေဖြင့် ယခုဖြစ်စဉ်တွင် အီရန်မှ မည်သည့်အတွက်ကြောင့် လေယာဉ်ကို ပစ်ချရသနည်း ဟူသော မေးခွန်းကိုမေးမြန်းနေသည်။ ကနေဒါအစိုးရက ဩဂုတ် ၂၃ ရက်တွင် လေယာဉ်မှူးခန်းမှ အသံများပါဝင်သော အီရန်၏ မှတ်တမ်းကို ရရှိခဲ့သည်ဟု ပြောကြားသည်။ လေယာဉ် ပစ်ချခံရမှုဖြစ်ရပ်တွင် သေဆုံးခဲ့သူများ၏ မိသားစုများက အီရန်၏ မှတ်တမ်းများသည် လှည့်ဖြားမှု သာဖြစ်သည်ဟုပြောကြားခဲ့သည်။
ယူကရိန်းနှင့် အီရန်တာဝန်ရှိသူများအနေဖြင့် လေယာဉ်ပျက်ကျမှုတွင် သေဆုံးခဲ့သော ခရီးသည်များအတွက် လျော်ကြေးငွေပေးရန် ဆွေးနွေးလျက်ရှိသည်။
ကိုးကား - အေအက်ဖ်ပီ၊ ဘာသာပြန် - စိုးသူရ