ကော့ကရိတ် ၂၅ သြဂုတ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် သိသင့်သိထိုက်သည့် အချက်အလက်များကိုသိရှိစေရန်ရည်ရွယ်၍ အရပ်ဘက်လူမှု အဖွဲ့ အစည်း KSCN၊ ကော့ကရိတ်နှင့် PANNA INSTITUTE ၊STEPDEMOCRACY) တို့ပူးပေါင်း၍ယမန်နေ့က မဲဆန္ဒရှင်အသိ ပညာပေးသင်တန်းကို အမှတ် ၄ ရပ်ကွက်၊ တောင်ပေါ်ကျောင်း ဓမ္မာရုံတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးနိုင်ရေး၊ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲဖြစ်စဉ်တွင် ပြည်သူလူထု ပူးပေါင်းပါဝင်ရေး၊ လူငယ်များအတွက် ဒီမိုကရေစီ နိုင်ငံ့သားကောင်း ဆိုင်ရာစံနှုန်းများနှင့် မဲဆန္ဒရှင် အသိပညာပေးခြင်းဆိုင်ရာများကိုဆွေးနွေးပို့ချခြင်းနှင့် ရွေးကောက်ပွဲတွင်မဲပေးခြင်း လက်တွေ့သရုပ်ပြသခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါသင်တန်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အတွင်းမှ စိတ်ဝင်စားသူများ ၃၀ ခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)


