ကာမိုင်း ၂၅ ဩဂုတ်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် အနယ်နယ်အရပ်ရပ်မှ ဝင်ရောက်ဖြတ်သန်း သွားလာလျက်ရှိသော ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများအား ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့လမ်းဆုံဂိတ်၌ ယမန်နေ့ နံနက်ပိုင်းက ကျန်းမာရေးစစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သည်။
ထိုသို့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ၎င်းလမ်းဆုံစစ်ဆေးရေးဂိတ်သည် ဖားကန့်မြို့နယ် အတွင်းသို့ စီးပွားရေးလုပ်ကိုင်ရှာဖွေကြရာတွင် အနယ်နယ်အရပ်ရပ်မှ အဓိကလာရောက်ရာ အချက်အချာအကျဆုံး ဂိတ်ဖြစ်၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအန္တရာယ်မရှိစေရန်အတွက် ကာမိုင်းမြို့ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ခရီးသွားပြည်သူများနှင့် ယာဉ်မောင်း များကို ကိုယ်အပူချိန်တိုင်းတာပြီး ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခြင်းနှင့် ခရီးသွားလာမည့် နေရာကို မှတ်တမ်းကောက်ယူခြင်းများ ဆောင်ရွက်သည်။
ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခရီးသွားပြည်သူများအနေဖြင့် ကျန်းမာရေး စောင့်ရှောက်စစ်ဆေးရေးအဖွဲ့က နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုခြင်း အသိပညာပေးလုပ်ငန်းများကို အဆိုပါလမ်းဆုံဂိတ်တွင် နေ့စဉ်အလှည့်ကျ ဆောင်ရွက်ပေးလျက်ရှိသည်။
ဇွဲသူရအောင် (ပြန်/ဆက်)


