လိပ်သို ၂၅ သြဂုတ်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ကက်သလစ် ဓမ္မာရုံတွင် ဟင်းသီးဟင်းရွက် ဆိုင်ရာနည်းပညာနှင့် မျိုးစေ့ရရှိမှု စွမ်းရည် မြှင့်တင်ရေးသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် အိမ်ခြံဝန်းစိုက်ပျိုးရေးစီမံချက် ပြုလုပ်လျက်ရှိသော လိပ်သိုဒေသရှိ ကျေးရွာများမှ တောင်သူများ အနေဖြင့် စိုက်ပျိုးရေး ဉီးစီးဌာနနှင့်ပူးပေါင်းပြီး ဆောင်ရွက်ကြရန်၊ဟင်းသီးဟင်းရွက် စိုက်ပျိုးမှု ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် World Concern Myanmar မှ စိုက်ပျိုးရေးနှင့် ပတ်သက် သည့် နည်းပညာများ ကိုလည်း ဆက်လက်လုပ်ဆောင်သွားစေရန် စသည့် သင်တန်းဖွင့်လှစ် ရခြင်း၏ရည်ရွယ်ချက်များကို World Concern Myanmar အသင်း၏ အကြီးတန်းစိုက်ပျိုးရေးအရာရှိ ဉီးနိုင်လင်းထွန်း မှ ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး စိုက်ပျိုးရေးနှင့်ပတ်သက်သည့် နည်းပညာများတွင် Green Way App မှ Mobile ဖုန်းအသုံးပြု၍ စိုက်ပျိုးရေး နည်းပညာများ အလွယ်တကူ အသုံးပြုနိုင်ရန်နှင့် စိုက်ပျိုးရေး၊မွေးမြူရေး နည်းလမ်းများကို စိုက်ပျိုးရေးဉီးစီးဌာနမှ ဒုဉီးစီးမှူး ဉီးလင်းအောင်က တက်ရောက်လာသော ဒေသခံများနှင့် အပြန်အလှန် ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ လိပ်သိုဒေသရှိ တောင်သူများ စုစုပေါင်း ၂၇ ဉီး တက်ရောက်ခဲ့ကြောင်း သိရပါသည်။
နွယ်နွယ်ခိုင်(ပြန်/ဆက်)


